ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျရေမီ ဆောင်းနက်စ်ကတော့ ဒီနှစ်ရဲ့ ချန်ပီယံလိဂ် ချန်ပီယံက ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးပဲ ဖြစ်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်း ရောက်ရှိလာမှုနဲ့အတူ ပွဲတိုင်းနီးပါး အနိုင်ရလဒ်ကို ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာလည်း ၆ပွဲ ကစားခဲ့ရာ ၄ပွဲနိုင် ၊ ၂ပွဲသရေ ရလဒ်ကို ရခဲ့ပြီး အဆိုပါ ၆ပွဲမှာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၂ဂိုးသာ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးက အုပ်စုအဆင့် အပြီးမှာ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း ၅သင်း စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး ဖြစ်သူ ဂျရေမီ ဆောင်းနက်စ်ကတော့ မန်ချက်စတာ စီးတီးဟာ လက်ရှိမှာ ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံးအသင်း ဖြစ်သလို ဟာလန်း ၊ ဒီဘရိုင်းတို့လို ထိပ်သီး ကစားသမားတွေ ရှိနေတာကြောင့် ဒီနှစ်ဟာ မန်ချက်စတာ စီးတီးရဲ့ နှစ်ပဲလို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Metro

ဆောင်းနက်စ်က – “ကျွန်တော်ကတော့ ဒီနှစ်ဟာ မန်ချက်စတာ စီးတီးရဲ့ နှစ်လို့ပဲ မြင်ပါတယ်။ (ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံက ဘယ်အသင်း ဖြစ်မလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေ) ဟာလန်းက မန်ချက်စတာ စီးတီး အတွက် သွင်းဂိုးတွေ အများကြီး သွင်းယူပေးပါလိမ့်မယ်။ သူတို့ ဘယ်ပြိုင်ပွဲမှာပဲ ကစားနေပါစေ ၊ ဟာလန်းက သွင်းဂိုးတွေ သွင်းယူပေးနိုင်စွမ်း ရှိပါတယ်။ ဟာလန်းက ပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်စွမ်း ရှိလား ဆိုတဲ့ မေးခွန်းကိုတော့ ပြောင်းလဲပေးနိုင်စွမ်း ရှိတယ်လို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ဟာလန်းက မန်ချက်စတာ စီးတီးဆီ မရောက်လာခဲ့ရင်တောင် မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေး များနေမယ်လို့ ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။