ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဆောင်းနက်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးနဲ့ လိဒ်ယူနိုက်တက်တို့ ပွဲစဉ်မှာ လိဒ်ယူနိုက်တက်က အဝေးကွင်းမှာ သူ့ရဲ့ အသင်းဟောင်းကို အနိုင်ကျင့်သွားခဲ့တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

လီဗာပူးနဲ့ လိဒ်ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အဖြစ် လီဗာပူးရဲ့ အန်ဖီးလ်ကွင်းမှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြရာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတဲ့ လိဒ်ယူနိုက်တက်က အဝေးကွင်းမှာ လီဗာပူးကို ဆမ်းမားဗယ်လီရဲ့ နောက်ကျ အနိုင်ဂိုးနဲ့အတူ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Standard

လီဗာပူး ၁-၂ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် လိဒ်ယူနိုက်တက်ရဲ့ အတင်းဝင် ၊ အတင်းဖျက် ကစားဟန်ကြောင့် အိမ်ရှင် လီဗာပူးအနေနဲ့ ကစားကွက် တည်ဖို့ ခက်ခဲခဲ့ပြီး ပွဲပြီးချိန်မှာလည်း လိဒ်ယူနိုက်တက်ရဲ့ ကစားသမားတွေက လီဗာပူးရဲ့ ကစားသမားတွေထက် ပိုမို ပြေးလွှားခဲ့တာကိုလည်း အချက်အလက်တွေ အရ မြင်တွေ့ခဲ့ရပါတယ်။

လီဗာပူးရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ဆောင်းနက်ကတော့ လီဗာပူး ၁-၂ လိဒ်ယူနိုက်တက် ပွဲစဉ်မှာ သူ့အသင်းဟောင်းရဲံ ခြေစွမ်းပိုင်းကို အတော်လေး သဘောမကျ ဖြစ်နေပြီး လိဒ်ယူနိုက်တက်ဟာ အန်ဖီးလ်ကွင်းမှာ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ကြောင်းပါ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Standard

ဆောင်းနက်က – “အခု လီဗာပူးက အရင်နှစ်တွေရဲ့ လီဗာပူးကို လိုက်မှီဖို့ အတော်လေး လိုအပ်နေပါသေးတယ်။ လီဗာပူးက အရင်ကလို ကစားပုံမျိုးနဲ့ မကစားနိုင်တော့ပါဘူး။ ဒီညပွဲကို ကြည့်လိုက်မယ် ဆိုရင်လည်း လိဒ်ယူနိုက်တက်က လီဗာပူးကို သူတို့တွေ နှစ်ပေါင်းများစွာ ကစားခဲ့ဖူးတဲ့ ကစားပုံမျိုးနဲ့ ပြန်ကစားပြသွားတာပါ။ လိဒ်ယူနိုက်တက်က လီဗာပူးကို အနိုင်ကျင့်သွားပါတယ်။ သူတို့က လီဗာပူးရဲ့ ကွင်းလယ်ကို တပွဲလုံးနီးပါး ဖိကစားသွားခဲ့ပြီး အနိုင်ကျင့်ခဲ့တာပါ။ လိဒ်ယူနိုက်တက် ဂိုးသမားရဲ့ လက်စွမ်းကလည်း အတော်လေးကို ကောင်းခဲ့ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် လီဗာပူးက ဒီပွဲကို အနိုင်ရချင် ရသွားနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။