ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂျရေမီ ဆောင်းနက်စ်ကတော့ လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အာဂျင်တီးနား နောက်ခံလူ မာတီနက်ဇ်ဟာ ခံစစ်မှူးကောင်း တဦး မဟုတ်ပဲ မကြာခင်မှာ လူတွေက မာတီနက်ဇ်ရဲ့ ခြေစွမ်းဆိုးတွေကို မြင်လာရလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ဗဟိုခံစစ်မှူး မာတီနက်ဇ်က အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့​ကြေး ယူရို ၅၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရောက်ချင်းမှာပဲ ပုံမှန် ပွဲထွက်ခွင့် တနေရာကို သိမ်းပိုက်နိုင်ခဲ့သူပါ။

Photo Credit: Talk Sports

မာတီနက်ဇ်ဟာ အရပ်အမြင့် ၅ပေ ၉လက်မသာ ရှိတာကြောင့် ကနဦးမှာ ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရေးရာ သုံးသပ်ဝေဖန်သူတွေက မာတီနက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ မလွယ်ကူကြောင်း ဝေဖန်ခဲ့ကြပေမယ့် မာတီနက်ဇ်ကတော့ လီဗာပူး ၊ ဆောက်သမ်တန်တို့နဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ အရည်အသွေးကို အကောင်းဆုံး သက်သေပြခဲ့သလို ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုတွေကိုပါ ရရှိခဲ့ပါသေးတယ်။

ဒါပေမယ့် လီဗာပူးဂန္တဝင် ဆောင်းနက်စ်ကတော့ မာတီနက်ဇ်ရဲ့ အရည်အသွေးတွေကို အခုချိန်အထိ အသိအမှတ် မပြုသေးပဲ မာတီနက်ဇ်ဟာ ခံစစ်မှူးကောင်း တဦး မဟုတ်သလို လူတွေက သူ့ရဲ့ ညံ့ဖျင်းမှုကို မကြာခင်မှာ သိလာလိမ့်မယ်လို့ ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Talk Sports

ဆောင်းနက်စ်က – “မာတီနက်ဇ်က ဘယ်နေရာမှာမှ ထူးချွန်ပြီး ကောင်းနေတဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ သူက တက်ကြွတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် ကျွန်တော်ကတော့ အဲ့ဒီအချက်ကို သဘောမကျပါဘူး။ သူက အမြဲတမ်း ပြိုင်ဘက်ဆီကနေ ဘောလုံးကို ဖျက်ထုတ်ဖို့ အဆင်သင့် ပြင်ထားတတ်ပါတယ်။ ဒါက နောက်ခံလူ တဦး အတွက် ကောင်းတဲ့အချက် မဟုတ်ပါဘူး။ တကယ်ကောင်းတဲ့ နောက်ခံလူ တဦးက ပွဲရဲ့ အခြေအနေကို ဖတ်ရှုပြီးမှ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ချက် ချတတ်ကြတာပါ။ တကယ်လို့ မင်းက ပွဲစဉ် တလျှောက်လုံး ဖျက်ထုတ်ဖို့ပဲ အာရုံစိုက်နေမယ် ဆိုရင် ပွဲရဲ့ အနေအထားကို ဖတ်ရှုနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ သူ့ရဲ့ အရပ်အမောင်းကိုလည်း သဘောမကျပါဘူး။ သူ့ရဲ့ အရပ်ကြောင့် မကြာခင်မှာပဲ သူက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ မလွယ်ဘူး ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်” လို့ ဝေဖန်သွားခဲ့တာပါ။