အင်္ဂလန်နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ် လုပ်ဆောင်နေတဲ့ ဂရေမီ ဆောင်းနက်စ်ကတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ မန်ယူ အသင်းဟာ သူတို့အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာကို ရောင်းချသင့်ကြောင်းနဲ့ လက်ရှိမှာ ဒီဂီယာကို ဝယ်ယူသင့်တဲ့ အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နောက်ထပ်အသင်းကြီးတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဖြစ်တယ်လို့ အကြံပြုပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ လတ်တလောမှာ ရှက်ဖီးလ်အသင်းထံ အငှားနဲ့ သွားရောက်ကစားနေတဲ့ အသင်းရဲ့ လူငယ် ဂိုးသမား ဟန်ဒါဆန်ရဲ့ လက်စွမ်းတွေကို သဘောကျနေပြီး ဒီဂီယာရဲ့ နေရာမှာ အစားထိုးဖို့ စဉ်းစားနေတဲ့ အသင်းပါ။

Photo Credit: Metro.com

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ အသင်းရဲ့ လစာ အများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဂီယာကို လာမယ့်နွေရာသီမှာ ရောင်းချနိုင်ချေရှိတယ်လို့ သိထားရပြီး တစ်ဖက်မှာလည်း ချယ်လ်ဆီးအသင်းဟာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အသင်းရဲ့ ဂိုးသမား ကီပါကို ရောင်းချကာ ဂိုးသမားအသစ်တစ်ဦးကို ခေါ်ယူလိုနေတ​ဲ့ အသင်းပါ။ ဆောင်းနက်စ်က သူ့အနေနဲ့ မန်ယူအသင်းမှာ ဟန်ဒါဆန်ကို မြင်တွေ့လိုနေပြီဖြစ်ကြောင်းနဲ့ မန်ယူကသာ ဒီဂီယာကို ရောင်းထုတ်ပါက ချယ်လ်ဆီးအသင်းဟာ ဝယ်ယူသင့်တယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဟန်ဒါဆန် ၊ ဒီဂီယာ ၊ မန်ယူနဲ့ ချယ်လ်ဆီးတို့ရဲ့ လေးပွင့်ဆိုင်ဇာတ်လမ်းအပေါ် ဆောင်းနက်စ် က ” ကျွန်တော်က ရှက်ဖီးလ်မှာ လက်စွမ်းပြနေတဲ့ ဟန်ဒါဆန်ရဲ့ ပရိသတ်အကြီးစားပါ။ သူက လီဗာပူးလ်နဲ့ပွဲမှာ အမှားအယွင်းလုပ်ခဲ့တယ် ဆိုပေမယ့် အမှားကို သင်ခန်းစာယူပြီး လက်ရှိမှာ ပိုမို တိုးတက်လာခဲ့ပါတယ်။ ဒီဂီယာကတော့ လက်ရှိမှာ ကမ္ဘာ့လုပ်ခလစာအမြင့်ဆုံး ဂိုးသမားတွေထဲက တစ်ဦးပါ။ ဒီလိုဂိုးသမားမျိုးကို ခင်ဗျားက အရန်ခုံမှာ ထိုင်ခိုင်းထားလို့ သင့်တော်ပါ့မလား။ အခုချိန်မှာ သူ့ကို ခေါ်ယူဖို့ သင့်တော်တဲ့ အသင်းတစ်သင်းရှိမလား။ ချယ်လ်ဆီးအသင်းက လက်ရှိအနေအထားအရ ဒီဂီယာကို ခေါ်ယူသင့်တဲ့ အသင်းပါ။ ဒါက အိုလေ( ဆိုးလ်ရှား ) အတွက် ဆုံးဖြတ်ရခက်ခဲစေမယ့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာမှာပါ ” လို့ ပြောဆိုသွားခဲ့တာပါ။