ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ကွင်းလယ်ခံစစ် ကစားသမား ဘူကာရီ ဆိုမာရေးဟာ စပိန်ထိပ်သီးကလပ် ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတယ်လို့ ဆိုမာရေးနဲ့ နီးစပ်သူတွေ​က ပြင်သစ်သတင်းစာတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

Photo Credit: Metro.com

အသက် ၂၀အရွယ် ကွင်းလယ်ခံစစ် ကစားသမား ဆိုမာရေးဟာ လိုင်လီအသင်းနဲ့အတူ တောက်ပနေတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ငြင်းဆန်ပယ်ချခဲ့တဲ့ သူပါ။ ပြင်သစ်သတင်းစာတွေရဲ့ အဆိုအရ ဆိုမာရေးဟာ နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာ သို့မဟုတ် ယူနိုက်တက်အသင်းထံကို ပြောင်းရွှေ့ကာ ကစားလိုနေကြောင်း သိရှိရပါတယ်။

Photo Credit: Metro.com

ဆိုမာရေးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာကတည်းက လိုင်လီအသင်းမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး ဆိုမာရေးနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူတို့ကို ဘာစီလိုနာအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မေးမြန်းခဲ့ကြောင်း အတွင်းသတင်းတွေအရ သိရှိရပြီး ဆိုမာရေးနဲ့ နီးစပ်သူတွေကတော့ ဆိုမာရေးဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ကျိန်းသေ အသင်းပြောင်းရွှေ့မယ်လို့ ဆိုထားကြပါတယ်။

Photo Credit: Metro.com

လိုင်လီအသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်သူ ဆိုမာရေးကို ပြောင်းရွှေ့ကြေး ပေါင်၄၅သန်းဝန်းကျင် ရရှိရင် လက်လွှတ်ဖို့ စဉ်းစားထားပြီး အဆိုပါ ပမာဏဟာ ဘာစီလိုနာအသင်းအတွက်ရော ယူနိုက်တက်အသင်းအတွက်ပါ ပေးချေနိုင်တဲ့ ငွေကြေးပမာဏတစ်ခုဖြစ်တာကြောင့် ဆိုမာရေးတစ်ယောက် ဘယ်အသင်းကို ရောက်ရှိမလဲဆိုတာ စောင့်ကြည့်သွားရမှာပါ။