စပါးအသင်းကတော့ အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ပေါင်ဒဏ်ရာကြောင့် အချိန်တစ်ခုထိ အနားပေးရတော့မှာဖြစ်ကြောင်း စပါးအသင်းနည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုကနေ အတည်ပြုပြောဆိုလာခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ မနေ့ညက စပါးနဲ့ နယူးကာဆဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ပါဝင်ကစားခဲ့ရင်းနဲ့ ပေါင်ဒဏ်ရာ ခံစားခဲ့ရလို့ ဒုတိယပိုင်းအစမှာပဲ စတီဖင်ဘာ့ဂျ်ဝိုင်းနဲ့ လူစားလဲခဲ့ရပြီး ဒီနေ့မှာပဲ ဆွန်ရဲ့ဒဏ်ရာအတိမ်အနက်ကို သေချာသိရှိရအောင် စစ်ဆေးသွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Football.London

အသက်(၂၈)နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄)ဂိုးအထိ သွင်းယူထားခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပေမယ့် နယူးကာဆဲလ်နဲ့ပွဲမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်လောက် အနားယူရဖွယ် ရှိနေပါတယ်။ အခုလို ဆွန်ဟောင်မင် ဒဏ်ရာကြောင့် အနားယူရတော့မယ့်အချိန်မှာ သူရဲ့နေရာအတွက် နည်းပြမော်ရင်ဟိုက ဒယ်လီအလီကို ပြန်လည်အသုံးပြုလာဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ဆွန်ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ဒါက ထိခိုက်ဒဏ်ရာတစ်ခုပါ။ ကျွန်တော်တို့ သူ့ကို ရက်အနည်းငယ်လောက်တော့ အနားပေးရဖွယ်ရှိပါတယ်။ သူရဲ့ပေါင်မှာ ဒဏ်ရာဖြစ်သွားတာပါ” လို့ ရှင်းပြခဲ့ပြီး သူတို့အသင်းရဲ့အရမ်းကို များပြားကျပ်တည်းလွန်းလှတဲ့ ပွဲစဉ်ဇယားတွေကြောင့် အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ညည်းတွားပြောဆိုလာခဲ့ပါတယ်။ စပါးအသင်းဟာ ဒီတစ်ပတ်အတွင်းမှာပဲ အသင်း(၄)သင်းနဲ့ မတူညီတဲ့ ပြိုင်ပွဲ(၄)ခုကို ဆင်နွဲရတော့မှာဖြစ်ပြီး နယူးကာဆဲလ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ကို ဆင်နွဲပြီးနောက် အင်္ဂါနေ့မှာ ချယ်လ်ဆီးနဲ့ ကာရာဘောင်းဖလားပွဲ ကြာသပတေးနေ့မှာ မက္ကာဘီဟိုင်ဖာနဲ့ ယူရိုပါလိဂ် နောက်ဆုံးအဆင့် ခြေစစ်ပွဲ တနင်္ဂနွေနေ့မှာလည်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄)တို့ကို ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။ ဒီလို ပွဲဆက်အရမ်းများနေချိန်မှာ ဆွန်ဟောင်မင်လို Main Player တစ်ဦး ဒဏ်ရာရနေတာက စပါးအတွက် ထိုးနှက်ချက်ဖြစ်စေနိုင်ပေမယ့် အသင်းနဲ့ အနာဂတ်မရေမရာ ဖြစ်လို့နေတဲ့ အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဒယ်လီအလီကို ပြန်လည်သုံးစွဲလာနိုင်သလို အလီကို အရင်ပွဲတွေမှာ မသုံးစွဲဖြစ်ခဲ့တာကလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားဖို့အတွက် အသင်းဖော်တွေကြားမှာ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတာကြောင့်သာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။