ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆွန်ဟောင်မင်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးလ် ၁-၂ စပါးရဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ရခဲ့တဲ့ ခေါင်းဒဏ်ရာကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် စပါးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်ကို လွဲချော်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ပြင်သစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးလ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်ဟာ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ရေး အတွက် အရေးပါတဲ့ ပွဲတပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးက အဆိုပါပွဲမှာ ရေကုန်ရေခမ်း ကြိုးစားခဲ့ကြပြီး အိမ်ရှင် မာဆေးလ်က ပွဲချိန် ၄၅+၂ မိနစ်မှာတင် နောက်ခံလူ အမ်ဘမ်ဘာရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို ဦးဆောင်ခွင့် ရခဲ့ပါတယ်။

Photo Credit: Sky Sports

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် စပါးက ချေပဂိုး ပြန်ရဖို့ အတွက် ဒုတိယပိုင်းမှာ တင်ကစားလာခဲ့ပြီး ပွဲချိန် ၅၄မိနစ်မှာတော့ နောက်ခံလူ လန်းလဂ်က စပါးအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ စပါးက ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အတွက် မာဆေးလ်ကို အဝေးကွင်းမှာ မရှုံးဖို့သာ လိုအပ်တာကြောင့် ချေပဂိုး ပြန်ရပြီးနောက် စပါးဟာ ခံစစ်ကိုသာ အားပြု ကစားခဲ့ပြီး မာဆေးလ်ကတော့ မဖြစ်မနေ အနိုင်ယူရမယ့် အသင်းပီပီ စပါးဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

ဒါပေမယ့် စပါးဂိုးသမား လော်ရစ်ရဲ့ အံ့မခန်း လက်စွမ်းတွေကြောင့် မာဆေးလ်က အနိုင်ဂိုး သွင်းယူနိုင်ဖို့ ခက်ခဲခဲ့ပြီး ပွဲချိန် ၉၀+၅မိနစ် အရောက်မှာတော့ စပါးကွင်းလယ်လူ ဟွိုင်ဗျက်က တန်ပြန်တိုက်စစ် ကနေ တဆင့် စပါးအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ စပါးက အဝေးကွင်းမှာ မာဆေးလ်ကို အနိုင်ရခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ ရောက်ခဲ့တာဟာ သူတို့အသင်း အတွက် သတင်းကောင်း တခု ဖြစ်ပေမယ့် စပါးအတွက် သတင်းဆိုး တခုကတော့ မာဆေးလ် ခံစစ်မှူး အမ်ဘမ်ဘာနဲ့ ဘောလုံးယှဉ်လုရင်း ခေါင်းဒဏ်ရာ ရသွားတဲ့ ဆွန်ဟောင်မင်ဟာ လီဗာပူးနဲ့ပွဲကို လွဲချော်ဖို့ အခွင့်အလမ်း များနေတယ် ဆိုတာပါပဲ။

Photo Credit: Sky Sports

ဆွန်ဟောင်မင်က ပွဲကစားချိန် ၂၃မိနစ်မှာပဲ မာဆေးလ် နောက်ခံလူ အမ်ဘမ်ဘာနဲ့ ဘောလုံးယှဉ်လုဖို့ ကြိုးစားရင်း ခေါင်းဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး ဒဏ်ရာရပြီးပြီးချင်းမှာ ဆွန်ဟောင်မင်ဟာ ဆေးအဖွဲ့ရဲ့ အရေးပေါ် ကုသမှုတွေကို ခံယူခဲ့ရသလို ဒဏ်ရာကြောင့် ကွင်းအပြင် ထွက်ခဲ့ရချိန်မှာလည်း ဆေးအဖွဲ့ရဲ့ အကူအညီနဲ့ လမ်းလျှောက်ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာက ကာလရှည် အနားယူရမယ့် ဒဏ်ရာမျိုး မဟုတ်ပေမယ့် ဒဏ်ရာအရှိန်ကြောင့် ဆွန်ဟောင်မင်ရဲ့ ဘယ်ဘက်မျက်လုံးဟာ ဖောင်းနေသလို သူ့ရဲ့ အမြင်တွေပါ ဝါးနေခဲ့တာကြောင့် ဆွန်ဟောင်မင်ဟာ ခေါင်းဒဏ်ရာ အတွက် အနိမ့်ဆုံး ၁ပတ် ဝန်းကျင် အနားယူရဖို့ ရှိနေပါတယ်။ ဒါကြောင့် ဆွန်ဟောင်မင်က စပါးနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်ကို လွဲချော်ဖို့ အခွင့်အလမ်း များပြားနေပါတယ်။