ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ပရီးမီးယားလိဂ်မှာလည်း ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်လို့နေတဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို စပါးအသင်းဘက်ကနေ စာချုပ်ချုပ်ဆိုသွားဖို့ ကြိုးပမ်းလျက်ရှိနေပြီး ဆွန်ဟောင်မင်ကိုယ်တိုင်ကလည်း သူရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်ထိကို စပါးအသင်းမှာ ဆက်လက်ရှိနေချင်လိမ့်မယ်လို့ အသင်းရဲ့နည်းပြ ဟိုဆေးမော်ရင်ဟိုက သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit  : Twitter

အသက်(၂၈)နှစ်အရွှယ် တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လေဗာကူဆင်ကနေ စပါးကို ရောက်ရှိလာပြီးကတည်းက နှစ်တိုင်းလိုလို အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ယခင်နှစ်တွေကထက် ပိုမိုခြေစွမ်းပြနေကာ ဟယ်ရီကိန်းနဲ့လည်း အတွဲအဖက်မိမိနဲ့ သွင်းဂိုးတွေကို ရယူနေလျက်ရှိပါတယ်။ ဒါကြောင့် စပါးအသင်းဘက်ကနေ ဆွန်ဟောင်မင်ကို ထပ်မံစာချုပ်သစ်ချုပ်ဆိုချင်နေတာဖြစ်သလို ဆွန်ဟောင်မင်ဘက်ကလည်း စပါးမှာပဲ နှစ်ရှည်များစွာ ပါဝင်ကစားချင်နေလိမ့်မယ်လို့ နည်းပြမော်ရင်ဟိုက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit  : Goal

မော်ရင်ဟိုက “အရိုးသားဆုံးပြောရရင်တော့ မတည်မငြိမ်မှုတွေက လူအဖွဲ့အစည်းအတွင်း ကလပ်အသင်းတွေအတွင်းနဲ့ ဘောလုံးလောကအတွင်းမှာ ရှိနေတတ်ကြတယ်။ ကျွန်တော်တို့အနေနဲ့ ကွင်းထဲကို ပရိသတ်အယောက် နှစ်ထောင်လောက်အထိ ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့ရပြီး ဒီထက်မကလည်း ပရိသတ်များစွာ ကွင်းအတွင်း ပြန်လည်ဝင်ရောက်စေချင်တယ်။ ကွင်းဝင်ကြေးကိုလည်း ပိုမိုရရှိချင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေအရတော့ နှစ်ထောင်ကနေ သုညပြန်ဖြစ်သွားဖို့ ရှိနေပါပြီ(ဗြိတိန်ဝန်ကြီးချုပ်က လန်ဒန်မြို့ကိုပါ Tier 3 အဖြစ် ပြောင်းလဲလိုက်တဲ့အတွက်) ကျွန်တော်က ငွေကြေးပိုင်းနဲ့ပတ်သက်ပြီး ကျွမ်းကျင်လှသူ မဟုတ်ပေမယ့်လည်း ဒီလိုမတည်မငြိမ် အခြေအနေတွေအရဆိုရင် ကလပ်အသင်းကြီးတွေရဲ့ ပိုင်ရှင် ဒါမှမဟုတ် စီးအီအိုတစ်ယောက်လို ဖြစ်သွားတတ်ပါတယ်။ အသင်းက ကစားသမားတစ်ယောက်ကို စာချုပ်သစ် ဘယ်လိုချုပ်ဆိုမလဲဆိုတာကို စဉ်းစားတွေးတောမိလာတယ်။ လာမယ့်ရာသီမှာ ဘာတွေဖြစ်မလဲဆိုတာကို မသိနိုင်သလို အသင်းသားတစ်ယောက်အတွက်ကိုလည်း ပိုကောင်းတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်မလားဆိုတာလည်း မသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဆွန်နီနဲ့လယ်ဗီးတို့ကို ယုံကြည်တယ်။ သူတို့နှစ်ယောက်လုံးက ဆွန်အသင်းမှာ ဆက်ရှိနေရေးကို လုပ်ဆောင်နိုင်မှာပါ။ ဖြစ်နိုင်မယ်ဆိုရင် ဆွန်အနေနဲ့ သူရဲ့ကစားသမားဘဝ အဆုံးသတ်ချိန်ထိ စပါးမှာ ဆက်ရှိနေချင်လိမ့်မယ်။ သူ အသင်းနဲ့ သက်တမ်းတိုးမယ်လို့ပဲ ကျွန်တော်ထင်မြင်မိတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။