စပါး ကွင်းလယ်လူ ဆွန်ဟောင်မင်ကတော့ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ပြီး အဆင့် (၄) နေရာက ချဲလ်ဆီအသင်းနဲ့ ရမှတ် (၄) မှတ်သာ ကွာဟသွားခဲ့ပြီ ဖြစ်တာကြောင့် ချဲလ်ဆီးအသင်းကို မှီနိုင်ဖို့ ရမှတ်တွေ ရနိုင်သမျှ ယူရမယ်လို့ ပြောခဲ့ပါတယ်။ စပါးအသင်းဟာ မန်စီးတီးအသင်းကို ဆွန် နဲ့ ဘာ့ဝင့်ချ်တို့ရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် အိမ်ကွင်းမှာ (၂-ဝ) နဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် (၃၇) မှတ်နဲ့ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit: Goal

စပါးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ပွဲဆက် ရှုံးပွဲ မရှိခဲ့ဘဲ သရေ (၁) ပွဲ နဲ့ နိုင်ပွဲ (၂) ပွဲ ရရှိခဲ့ပြီး လာမယ့် ဗုဒ္စဟူးနေ့ည ကြာသပတေးနေ့ နံနက် (၂း၁၅) အချိန်မှာ အက်ဖ်အေ ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ အက်ဖ်အေ ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းနဲ့ (၁-၁) သရေကျခဲ့တာကြောင့် ပြန်ကန်ပွဲစဉ် ကစားရမှာ ဖြစ်ပြီး အနိုင်ရတဲ့ အသင်းက နောက်တစ်ဆင့် အက်ဖ်အေ ဖလား ပဉ္စမအဆင့်ကို တက်သွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဆွန်ဟောင်မင်က “ကျွန်တော်တို့ (၁၀) ပွဲကျော် ကစားရဦးမှာပါ။ ကျွန်တော်တို့မှာ ကစားရမယ့် ပွဲစဉ်တွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ရာသီကုန်ရင် ဘယ်လို ဖြစ်မလဲ ဆိုတာ မြင်ကြရမှာပါပဲ။ ကျွန်တော် အာရုံစိုက်နိုင်ဖို့ ကြိုးစားရမယ်။ ရမှတ်တွေ ရနိုင်သမျှ ယူဖို့ ကြိုးစားရမယ်။ မန်စီးတီးအသင်းက တကယ် ကောင်းပြီး ပထမပိုင်းမှာ ကောင်းစွာ ကစားခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွ ခုခံခဲ့တယ်။ ဒုတိယပိုင်းမှာ အားကောင်းစွာ ပြန်လာခဲ့ကြပါတယ်”လို့ ပြောသွားခဲ့ပါတယ်။