စပါးအသင်းရဲ့ ကိုရီးယားကြယ်ပွင့် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ အာဆင်နယ်နဲ့ စပါးအသင်းတို့ ရင်ဆိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် အဲရစ်လာမယ်လာနဲ့ ချက်ချင်းလူစားလဲခဲ့ရပြီး အခုလည်း ဒီဒဏ်ရာကြောင့် အနည်းဆုံး (၃)ပတ်ခန့်လောက်အထိကို အနားယူရနိုင်တာကြောင့် စပါးအသင်းရဲ့ အရေးကြီးတဲ့ ပွဲစဉ်တချို့ကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။

Photo Credit : Football Insider

အသက်(၂၈)နှစ်အရွှယ်ရှိ တောင်ကိုရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ လန်ဒန်ဒါဘီပွဲစဉ်မှာ ပါဝင်ကစားရင်းနဲ့ တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာကြောင့် ပထမပိုင်း ပွဲကစားချိန် (၁၉)မိနစ်မှာပဲ လူစားလဲခဲ့ရတဲ့အပြင် ဒဏ်ရာအခြေအနေကြောင့်လည်း အနည်းဆုံး (၃)ပတ်ခန့်လောက်အထိ အနားယူရနိုင်တယ်လို့ စပါးအသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ပေါလ်ရောဘတ်ဆန်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ရောဘတ်ဆန်က “ဒါဟာ စပါးအသင်းအတွက်တော့ အတော်လေးကို ဆိုးရွှားစေပါတယ်”

Photo Credit : The Athletic

“ဟာရီကိန်းဖြစ်ဖြစ် ဆွန်ဟောင်မင်ဖြစ်ဖြစ် ဒဏ်ရာရပြီဆိုရင် ဒါက စပါးအသင်းအတွက် သတင်းဆိုးတစ်ခုလို ဖြစ်သွားရပါတယ်။ ဆွန်အနေနဲ့ကတော့ အနည်းဆုံး (၃)ပတ်လောက်အထိ အနားယူရနိုင်ပါတယ်။ ဒါဟာ စပါးအသင်းရဲ့ Top 4 ဝင်ခွင့် မျှော်လင့်ချက်ကိုလည်း သွားပြီးအကျိုးသက်ရောက်စေမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၄၁)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၁၈)ဂိုး သွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၁၆)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ကို ဒဏ်ရာပြသာနာကြောင့် ရက်သတ္တပတ် အနည်းငယ်ခန့် လက်လွတ်လိုက်ရခြင်းဟာ အသင်းအတွက် နစ်နာမှုဖြစ်စေတယ်လို့လည်း စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ တံကောက်ကြောဒဏ်ရာပြသာနာကြောင့် ဒိုင်နမိုဇာဂရက်နဲ့ ယူရိုပါလိဂ်ပွဲအပြင် အက်စတွန်ဗီလာ နယူးကာဆဲလ် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုပါ ဆက်တိုက်လွဲချော်ရဖွယ် ရှိနေပါတယ်။