ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ ဆွန်ဟောင်မင်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၂-၁ ဘရန့်ဖို့ဒ် ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုးကို အဝေးကန်ချက်နဲ့အတူ လှလှပပ သွင်းယူပေးနိုင်ခဲ့ပြီးနောက် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ ပြည့်သွားခဲ့ပါတယ်။

ဆွန်ဟောင်မင်က ချန်ပီယံလိဂ်ဝင်ခွင့် လိုချင်နေတဲ့ စပါးအတွက် အရေးပါတဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်း ၊ ကူလူဆက်စကီးတို့နဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး ပွဲချိန် ၁၀မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပွဲချိန် ၇၉မိနစ်မှာ ရရှိခဲ့တဲ့ ဟယ်ရီကိန်းရဲ့ အနိုင်ဂိုးမှာလည်း Pre-Assist လုပ်ပေးနိုင်ခဲ့ပါသေးတယ်။

Photo Credit: Guardian

ဆွန်ဟောင်မင်ရဲ့ ဘရိုက်တန်ဘက်ကို လှလှပပ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ သူ့ရဲ့ ပရီးမီးယားလိဂ်ဂိုး ၁၀၀ဂိုး ပြည့်ခဲ့တဲ့ အမှတ်တရ သွင်းဂိုး ဖြစ်ပြီး အဆိုပါ သွင်းဂိုးကြောင့်ပဲ ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး အာရှသား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ ပြည့်တဲ့ ပထမဦးဆုံး အာရှသား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို သိမ်းပိုက်ကာ အာရှတိုက်ရဲ့ ဂုဏ်ကို ဆောင်ခဲ့ပြီး ဆွန်ဟောင်မင်ကတော့ သူ့ရဲ့ သွင်းဂိုးတွေ ၊ စံချိန်တွေဟာ အာရှသားတွေ အတွက် အားဆေး တခုလို ဖြစ်လာဖို့ မျှော်လင့်မိကြောင်း စပါး ၂-၁ ဘရိုက်တန် ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Tottenham

ဆွန်ဟောင်မင်က – “ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ ပြည့်အောင် သွင်းဖို့က ကျွန်တော့်ရဲ့ အိမ်မက်တွေထဲက တခုပါ။ ဒီမှတ်တမ်းက အံ့အားသင့်စရာ ကောင်းတဲ့ မှတ်တမ်းမျိုး ဖြစ်သလို ကျွန်တော့်ရဲ့ အသင်းဖော်တွေသာ မရှိရင် ဒီလိုမှတ်တမ်းမျိုးကို ရနိုင်မယ်လို့ မထင်ပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ ပြည့်ခဲ့တာက ကြီးမားတဲ့ မှတ်ကျောက် တခုပါ။ ကျွန်တော်က ဂိုးသွင်းပြီးတဲ့နောက် အတော်လေးကို စိတ်လှုပ်ရှားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ကျွန်တော့်အတွက် ခက်ခဲခဲ့လို့ပါ။ ကျွန်တော့်ရဲ့ အဘိုးက ကွယ်လွန်သွားခဲ့သလို သူ မရှိတော့တာကို လက်ခံနိုင်ဖို့ ကြိုးစားရတာ မလွယ်ကူပါဘူး။ ဒါကြောင့်ပဲ ကျွန်တော်က ဒီသွင်းဂိုးကို အဘိုးအတွက် လက်ဆောင်အဖြစ် သတ်မှတ်ချင်ပါတယ်။ ပြီးတော့ အာရှသားတွေ အထူးသဖြင့် ကိုရီးယား နိုင်ငံသားတွေက ကျွန်တော့်ရဲ့ ဒီမှတ်တမ်းကို ကြည့်ပြီး သူတို့လည်း ဒီလိုမျိုး စွမ်းဆောင်နိုင်တယ် ဆိုတာကို သိစေချင်ပါတယ်။ ကျွန်တော်က အခုလို အောင်မြင်နေတာဟာ အာရှတိုက် အတွက် ကောင်းသလို ကျွန်တော်က အာရှတိုက်မှာ ရှိတဲ့ လူငယ်တွေ အတွက် လမ်းပြပေးရမယ့်လူ ဖြစ်လို့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ထားရတယ်လို့ ခံစားရပါတယ်။ ကျွန်တော်က လူငယ်တွေကို အာရှသားတွေလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အံ့ဩစရာ ကောင်းတဲ့ အရာတွေ လုပ်ဆောင်နိုင်တယ် ဆိုတာကို သိစေချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။