ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးလ် ၁-၂ စပါး ပွဲစဉ်မှာ ရခဲ့တဲ့ မျက်လုံးဒဏ်ရာကို ခွဲစိတ်ကုသရတော့မယ်လို့ စပါးအသင်းက အတည်ပြုသွားခဲ့ပါတယ်။

ဆွန်ဟောင်မင်က ပြင်သစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မာဆေးလ်နဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ စပါးရဲ့ ပွဲထွက် တိုက်စစ်မှူး အဖြစ် ပါဝင် ကစားခဲ့ပြီး ပွဲကစားချိန် မိနစ် ၂၀ကျော်မှာတော့ မာဆေးလ် ခံစစ်မှူး အမ်ဘမ်ဘာနဲ့ ဘောလုံးယှဉ်လုရင်း မျက်လုံးကို ထိခိုက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ဆွန်ဟောင်မင်က အမ်ဘမ်ဘာနဲ့ ဘောလုံးယှဉ်လုရင်း ဘယ်ဘက်မျက်လုံး ထိခိုက်သွားခဲ့တာ ဖြစ်ပြီး အဆိုပါ ဒဏ်ရာအရှိန်ကြောင့် အမြင်ရှင်းလင်းမှု မရှိတော့သလို လူစားလဲချိန်မှာတောင် ဆေးအဖွဲ့ရဲ့ အကူအညီနဲ့ လမ်းလျှောက်ခဲ့ရပါတယ်။

ဒါကြောင့်ပဲ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်အပြီးမှာ စပါးနဲ့ ဆွန်ဟောင်မင်တို့က မျက်လုံးဒဏ်ရာကို ခွဲစိတ်မှု လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ခွဲစိတ်မှု ပြုလုပ်ပြီးရင် ဆွန်ဟောင်မင်ဟာ အနည်းဆုံး ၁ပတ် ဝန်းကျင် အနားယူဖို့ လိုအပ်တာကြောင့် ဆွန်ဟောင်မင်က ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကစားရမယ့် စပါးရဲ့ ပွဲတွေ အားလုံးကို လွဲချော်သွားဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

Photo Credit: Mirror

ဆွန်ဟောင်မင်ရဲ့ မျက်လုံးဒဏ်ရာအား ခွဲစိတ်တော့မယ့် အကြောင်းကို စပါးက – “ဆွန်ဟောင်မင်ဟာ သူ့ရဲ့ ဘယ်ဘက်မျက်လုံးနားမှာ ရှိနေတဲ့ အရိုးတွေ တည်ငြိမ်အောင် လုပ်ဖို့ အတွက် ခွဲစိတ်မှု လုပ်ရပါတော့မယ်။ ခွဲစိတ်မှု လုပ်ပြီးသွားရင် အသင်းရဲ့ ဆေးအဖွဲ့တွေက ဆွန်ဟောင်မင်ကို လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးသွားမှာပါ” လို့ ထုတ်ပြန် ကြေညာသွားခဲ့တာပါ။

စပါးက ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ လီဗာပူး ၊ နော်တင်ဟမ် ဖောရက်စ် ၊ လိဒ်ယူနိုက်တက်တို့နဲ့ ကစားရဖို့ ရှိနေတာကြောင့် ဆွန်ဟောင်မင်ဟာ အဆိုပါ ၃ပွဲစလုံးကို လွဲချော်သွားရဖို့ ရှိနေသလို တောင်ကိုရီးယားနဲ့ ဥရုဂွေး ကစားမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲကိုလည်း လွဲချော်နိုင်ချေ မြင့်မားနေပါတယ်။