တောင်ကိုရီးယားအသင်းနဲ့ စပါးအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဆွန်ဟောင်မင် ကတော့ သူ့အနေနဲ့ ဘောလုံး ကစားနေသရွေ့ မိသားစုတစ်ခု တည်ထောင်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ The Guardianနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit: Express

အသက်၂၈နှစ်အရွယ် တောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ လေဗာကူဆင် အသင်းကနေ စပါးအသင်းထံကို ပြောင်းရွှေ့လာခဲ့ အပြီးမှာ သူဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်းကို သက်သေပြထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှု ၊ လျင်မြန်မှု ၊ ဘောလုံး ကျွမ်းကျင်မှုတွေဟာ ဆွန်ဟောင်မင် ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံ တိုက်စစ် ကစားသမားတွေထဲက တစ်ဦး ဖြစ်စေခဲ့ပါတယ်။

Photo Credit: Express

ဆွန်ဟောင်မင်ဟာ လက်ရှိ ဘောလုံးရာသီ မှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပေးခဲ့ရာမှာ ၁၈ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၂ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်ဟာ ဘန်လေအသင်းနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ တစ်ကိုယ်တော် သွင်းဂိုးကြောင့် ၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီရဲ့ အကောင်းဆုံး သွင်းဂိုးဆုကို လည်း ရရှိထားပါသေးတယ်။

Photo Credit: Express

ထိပ်တန်းအဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားသလို ပြေပြစ်တဲ့ ရုပ်ရည်နဲ့ လူမှုဆက်ဆံရေး ကောင်းမွန်တဲ့ ဆွန်ဟောင်မင်ဟာ လက်ရှိအချိန် အထိ တစ်ကိုယ်တည်း လူပျိုကြီး ဖြစ်နေဆဲ ဖြစ်ပြီး ဥရောပက ဘောလုံးသမား အများစုဟာ ဆွန်ရဲ့ အသက်အရွယ်မှာ သာယာတဲ့ အိမ်ထောင်ရေး တစ်ခုကို ဖန်တီးထားနိုင်ကြပါတယ်။ ဒါပေမယ့် ဆွန်ဟောင်မင်ကတော့ သူဟာ ဘောလုံး ကစားနေချိန် အတွင်းမှာ ဘောလုံးတစ်ခုတည်းကိုပဲ စိတ်နှစ်ကာ ကြိုးစားချင်တာကြောင့် အိမ်ထောင် တစ်ခုကို မတည်ထောင်သေးတာ ဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Express

” ကျွန်တော့်အဖေက ဒီအချက်ကို ပြောပြခဲ့ပြီး ကျွန်တော်ကလည်း အဖေ့ရဲ့ စကားကို လက်ခံပါတယ်။ တကယ်လို့ ခင်ဗျားဟာ လက်ထပ်လိုက်ပြီ ဆိုရင် ခင်ဗျားရဲ့ ပထမဦးစားပေးက မိသားစု ဖြစ်လာမယ်။ မိန်းမရယ် ၊ ကလေးတွေရယ်ပေါ့။ အဲ့ဒါပြီးမှ ဘောလုံးက လာမှာပါ။ ကျွန်တော် ကတော့ ထိပ်တန်းအဆင့်မှာ ကျွန်တော် ကစားနေနိုင်သရွေ့ ဘောလုံးကို ပထမဦးစားပေး အဖြစ်ပဲ ထားချင်တဲ့သူပါ ”

Photo Credit: Express

” ထိပ်တန်းအဆင့်မှာ ဘယ်လောက် ကြာကြာ ကစားနိုင်မလဲဆိုတာ မသိနိုင်ဘူးလေ။ အနားယူတဲ့အချိန် ဒါမှမဟုတ် အသက် ၃၃နှစ် ၊ ၃၄ နှစ်လောက် ရောက်တဲ့ အချိန်မှ အိမ်ထောင်ပြုရင်လည်း မိသားစုနဲ့အတူ နေဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ် ” လို့ ဆွန်ဟောင်မင်က ပြောပြသွားခဲ့ပါတယ်။