ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဆွန်ဟောင်မင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပါးနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ရတဲ့ နည်းပြဟောင်း ကွန်တီအတွက် စိတ်မကောင်း ဖြစ်ရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အီတလီလူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ ကွန်တီက ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်မှ စတင်ကာ စပါးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ စပါးနည်းပြဘဝ ပထမဦးဆုံး ရာသီမှာပဲ မဖြစ်နိုင်တဲ့ အနေအထားမျိုး ကနေ အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ယူပေးခဲ့တာကြောင့် စပါးပရိသတ်တွေရဲ့ အချစ်ကို ခဏလေး အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

စပါးဘုတ်အဖွဲ့ကလည်း အချိန်တိုအတွင်းမှာ အသင်းကို ပြုပြင် ပြောင်းလဲကာ လိုချင်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် လုပ်ပေးခဲ့တဲ့ ကွန်တီကို သဘောကျသွားခဲ့ပြီး ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကွန်တီရဲ့ တောင်းဆိုမှုအတိုင်း ကစားသမားသစ် များစွာကို ဝယ်ယူပေးခဲ့ပါတယ်။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ကွန်တီနဲ့ စပါးရဲ့ ပေါင်းစပ်မှုက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ စပါးက ချန်ပီယံလိဂ် ၊ အက်ဖ်အေ ၊ ကာရာဘောင်း စတဲ့ ဖလားပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၄နေရာ အတွက် နယူးကာဆယ် ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် နေရပါတယ်။

Photo Credit: Goal

အဲ့ဒီအချိန်မှာပဲ ကွန်တီက စပါးရဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို လူသိရှင်ကြား ဝေဖန်ခဲ့တာကြောင့် စပါးဘုတ်အဖွဲ့က ကွန်တီကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ စပါးက ကွန်တီနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြောင်းနဲ့ ကွန်တီရဲ့ နေရာအတွက် လက်ထောက်နည်းပြတွေကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

စပါးရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ဆွန်ဟောင်မင်ကတော့ ကွန်တီ တယောက် ရာထူးကနေ ထုတ်ပယ်ခံရမှု အတွက် စိတ်မကောင်းဖြစ်နေပြီး ဆွန်က ကွန်တီဟာ ကမ္ဘာ့အဆင့် နည်းပြတဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်က – “ကျွန်တော် သူ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ကွန်တီက ကမ္ဘာ့အဆင့် နည်းပြတယောက်ပါ။ ပြီးတော့ သူက ကျွန်တော်နဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ ခရီးလမ်း တခုကို လျှောက်လှမ်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူ့ကို အရာအားလုံး အတွက် ကျေးဇူးတင်ချင်ပါတယ်။ တခြား ကစားသမားတွေရဲ့ အတွေးတွေကိုတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ကွန်တီ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။