အက်စတွန်ဗီလာအသင်းကို ၂ဂိုး၃ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ စပါးအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမားလေး ဆွန်ဟောင်မင်ဟာ အဲ့ဒီပွဲမှာပဲ ရရှိခဲ့တဲ့ ညာဘက်လက်မောင်းဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုကို ခံယူသွားရတော့မှာဖြစ်ပြီး အနည်းဆုံးတော့ ရက်သတ္တပတ်အနည်းငယ်လောက်အထိ အနားယူရနိုင်တယ်လို့ ကလပ်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း စပါးမော်ရင်ဟိုကတော့ သူရဲ့ကစားသမားက ဒီရာသီကုန်အထိ အသင်းအတွက် ကစားပေးနိုင်တော့မှာမဟုတ်ဘူးလို့ပဲ ဝန်ခံသွားခဲ့တဲ့အပြင် သူအနေနဲ့လည်း တိုက်စစ်ပိုင်းအတွက် ရွေးချယ်ခွင့်မရှိတော့ဘူးလို့ ညည်းညူသွားခဲ့ပါတယ်။

Photo Credit : The Sun

ဆွန်ဟောင်မင်ဟာ စပါးနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၆)အတွင်း ဗီလာကစားသမား ကွန်ဆာနဲ့ ထိခိုက်မိရင်း ညာဘက်လက်မောင်းကို ထိခိုက်ခဲ့ပြီး ထိခိုက်မှုက နာကျင်ခဲ့ပေမယ့်လည်း ဆွန်ဟောင်မင်က ဒီဝေဒနာနဲ့ပဲ ပွဲချိန်ပြည့်အထိ ပါဝင်ကစားသွားခဲ့တဲ့အပြင် အသင်းအတွက် နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးအပါအဝင် သွင်းဂိုး၂ဂိုးကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာတော့ ဒီဒဏ်ရာကို ဆေးအဖွဲ့ကနေ သေချာစစ်ဆေးခဲ့ရာ ခွဲစိတ်ကုသဖို့ လိုအပ်လာခဲ့တဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း ရက်များစွာ အနားယူရဖို့ လိုအပ်နေတယ်လို့ လေ့လာသိရှိခဲ့ရလို့ အသင်းရဲ့ဝက်ဆိုဒ်ကနေ သတင်းထုတ်ပြန်ချက် ကြေညာလိုက်ရတာဖြစ်ပါတယ်။

Photo Credit : The Sun

ဒီကိစ္စနဲ့ပတ်သက်ပြီး စပါးနည်းပြမော်ရင်ဟိုက “ကျွန်တော်ကတော့ ဒီရာသီမှာ ဆွန်ပြန်လည်ကစားနိုင်ဖွယ် မရှိတော့ဘူးလို့ပဲ ထင်မိပါတယ်။ ကျွန်တော်တို့တွေ သူ့ကို ဒီရာသီကုန်ထိ လက်လွတ်ရတော့မှာပါ။ ကလပ်အသင်းကတော့ သတင်းထုတ်ပြန်ချက်ကို ကြည့်ကောင်းအောင်ပဲ ထုတ်ပြန်သွားခဲ့တာပါ။ ကျွန်တော်သာ ထုတ်ပြန်ချက်ရေးရမယ်ဆိုရင်တောင် အခုရေးထားသလိုနဲ့ တူမှာမဟုတ်ဘူး။ ဒါပေမယ့် အခြေအနေတွေက အရမ်းဆိုးရွှားသွားခဲ့တယ်လို့လည်း မဆိုသာပါဘူး။ လက်ရှိကျန်နေတဲ့ ကစားသမားတွေနဲ့ပဲ ဆက်လက်ခရီးဆက်နေရဦးမှာပဲလေ။ ဒါပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ရွေးချယ်မှုနည်းပါးလာတာကို စိတ်ပူမိတာပါ။ အခုဆိုရင် အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခွင့်အရမ်းနည်းပါးနေရပါပြီ” လို့ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင်မှာ ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ စပါးရဲ့တိုက်စစ်မှာ ဟာရီကိန်း ဆွန်ဟောင်မင်တို့ ဒဏ်ရာပြသာနာတွေအသီးသီးနဲ့ ရင်ဆိုင်နေရပြီး တိုက်စစ်မှာ မော်ရာ ဘာ့ဂ်ဝင်းချ် လာမယ်လာတို့သုံးယောက်သာ ကျန်ရစ်နေတော့ကာ လက်ကျန်ပွဲကျပ်တွေအတွက် အခက်တွေ့နိုင်ဖွယ်ရှိနေပါတယ်။