စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်တဲ့ ကိုရီးယားသားလေး ဆွန်ဟောင်မင်ဟာ ချယ်လ်ဆီးနဲ့ စပါးအသင်းတို့ ယှဥ်ပြိုင်ခဲ့ကြတဲ့ ကာရာဘောင်း လိဂ်ဖလားပွဲစဥ်မှာ ရရှိသွားခဲ့တဲ့ ကြွက်သားဒဏ်ရာ ပြသာနာကြောင့် လာမယ့် ဖေဖော်ဝါရီလအထိကို အနားယူသွားရတော့မယ်လို့ စပါးအသင်းနည်းပြ အန်တိုနီကွန်တီက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ အဲ့ဒီပွဲစဥ်အတွင်းမှာ စပါးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးရင်း ခြေထောက် ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် စပါးအသင်းရဲ့ ပွဲစဥ်(၅)ပွဲခန့်လောက်အထိ လွဲချော်ရတော့မယ်လို့ ကွန်တီက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး (၈)ဂိုးထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုပါ (၄)ကြိမ် ပြုလုပ်ထားနိုင်လို့ ဒီလို အရေးပါတဲ့ ကစားသမားတစ်ဦး ဒဏ်ရာကြောင့် ရှေ့လာမယ့် ပွဲစဥ်တွေကို လွဲချော်ရတော့မှာက စပါးအတွက် အကြီးမားဆုံး ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : Daily Mail

စပါးအသင်းအနေနဲ့ ချယ်လ်ဆီးနဲ့ ကာရာဘောင်း လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်ကို ဆက်လက်ဆင်နွဲရဖို့ ရှိနေသလို Winter Break မတိုင်ခင်မှာလည်း ပရီးမီးယားလိဂ် ပွဲစဥ်တွေအဖြစ် အာဆင်နယ် လက်စတာ ချယ်လ်ဆီးတို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲတွေမှာ ဆွန်ဟောင်မင် မပါဝင်နိုင်တာက ချန်ပီယံလိဂ်ဝင်ခွင့်ကို မျှော်လင့်နေတဲ့ စပါးအတွက် အားလျော့စရာ ဖြစ်လာနိုင်ပါတယ်။ ဆွန် မပါဝင်နိုင်တဲ့ ပွဲစဥ်တွေမှာ ကွန်တီအနေနဲ့ နယ်သာလန် ကစားသမား စတီဗင်ဘာ့ဂျ်ဝိုင်းကို ပြန်လည်နေရာပေးရဖို့ ရှိနေသလို စပိန်လူငယ် ကစားသမားလေး ဘရိုင်ယန်ဂေးလ်လည်း နေရာပြန်ရလာဖွယ် ရှိနေပါတယ်။