တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က သူ့အနေနဲ့ မျက်နှာအရိုးကျိုးခြင်း ဝေဒဒနာကို ခွဲစိတ်မှု ကုယူလို့အပြီးမှာ တောင်ကိုရီးယားအသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲသွားတော့မှာဖြစ်ကြောင်း အင်စတာဂရမ်ပေါ်ကနေ အသိပေးလာခဲ့ပါတယ်။

Photo Credit : Sports Illustrated

လတ်တလောမှာ ကမ္ဘာ့ဖလား ဆင်နွဲဖို့ ကစားသမား အများအပြား ကလပ်အသင်းပွဲတွေမှာ ဒဏ်ရာတွေ ရရှိရင်းနဲ့ ကမ္ဘာ့ဖလားကို လွဲချော်လာခဲ့ရတဲ့ ကစားသမား အရေအတွက်တွေက တစ်နေ့ထက်တစ်နေ့ တိုးတိုးလာခဲ့ရပါတယ်။ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်တောင် မာဆေးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ မျက်နှာထိခိုက်မိသွားခဲ့လို့ သူရဲ့ world cup dream က ဝေဝါးသွားခဲ့ရသလို ဖြစ်ခဲ့ပေယ့် အခုတော့ ဆွန်ဟာ သူ့ဒဏ်ရာကို ခွဲစိတ်ခဲ့ပြီးပြီဖြစ်လို့ မျက်နှာအကာနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပါဝင် ဆင်နွဲနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

ဆွန်ဟောင်မင်က “အားလုံး မင်္ဂလာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ရရှိလာခဲ့တဲ့ အားပေးကူညီမှု ပေးစာတွေအတွက် အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောချင်ပါတယ်။ ဒီစာတွေကိုလည်း ကျွန်တော် ဖတ်ထားခဲ့ရပါတယ်။ အားလုံးကိုလည်း အမှန်တကယ် ကျေးဇူးတင်ရှိပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ ခက်ခဲနေတဲ့ အချိန်တွေအတွင်း ခင်ဗျားတို့ဆီကနေ ခွန်အားတွေ အများကြီး ရရှိခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ကိုယ်ရဲ့နိုင်ငံကို ကိုယ်စားပြုအဖြစ် ပါဝင်ကစားဖို့ဆိုတာက ကလေးငယ်တိုင်းရဲ့ အိမ်မက်တစ်ခုပါ။ အဲ့ဒီကလေးတွေထဲမှာ ကျွန်တော်လည်း အပါအဝင်ပါပဲ။ ဒီအခွင့်အရေးကို လုံးဝ မလွဲချော်သွားချင်ပါဘူး။ လှပတဲ့ နိုင်ငံကို ကိုယ်စားပြုဖို့ မစောင့်နိုင်တော့ပါဘူး။ မကြာခင် တွေ့ကြမယ်” လို့ သူရဲ့ အင်စတာဂရမ်ကနေ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဆွန်ရဲ့ တောင်ကိုရီးယားအသင်းဟာ မရဏအုပ်စုလို့ သတ်မှတ်ရမယ့် ပေါ်တူဂီ ဥရုဂွေး ဂါနာအသင်းတွေနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်နေရတဲ့အတွက် နောက်တစ်ဆင့်ကို တတ်လှမ်းဖို့က ရလဒ်ကောင်းတွေ ရယူထားနိုင်ဖို့ လိုအပ်နေသလို တောင်ကိုရီးယားရဲ့ စူပါစတား ဆွန်ရဲ့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်မှုတွေလည်း လိုအပ်နေပါတယ်။