MySport Myanmar

လန်ဒန်ဒါဘီပွဲမှာ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရတဲ့ ဆွန်ဟောင်မင်

မနေ့ညက အိမရိတ်ဒ်ကွင်းမှာ ကျင်းပခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်အသင်း နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်ကို (၂)ဂိုးစီ သရေပွဲနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

ဒီပွဲမှာ စပါးအသင်းက နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးရဲ့ own goal နဲ့ ဧရိယာထဲ လက်ထိဘောကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီတွေနေ အိမ်ရှင် အသင်းဘက်ဆီ ဂိုးတွေ ခွင့်ပြုခဲ့ရပြီး ဆွန်ဟောင်မင်က ချေပဂိုး (၂)ဂိုး ပြန်လည် သွင်းယူရင်း အနိုင်အရှုံးမပေါ်ပဲ အခုလို (၂)ဂိုးစီသရေနဲ့ ပွဲက အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Cartilage Free Captain

အရင်လို လန်ဒန်ဒါဘီ ပွဲစဉ်တွေတိုင်း အာဆင်နယ်အသင်းဘက်ဆီ ဂိုးသွင်းယူတက်တဲ့ ဟယ်ရီကိန်း အသင်းမှာ မရှိတော့ပေမယ့် ကိန်းနဲ့ အတွဲအဖက်မိမိ ကစားနိုင်သူ ဆွန်ဟောင်မင်က အခုပွဲမှာ စပါးအသင်းအတွက် သွင်းဂိုး (၂)ဂိုးကို သွင်းယူရင်း စံချိန်သစ်တစ်ခုကိုပါ တင်ရှိနိုင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အိမရိတ်ဒ်ကွင်းမှာ လန်ဒန်ဒါဘီပွဲကို ကစားရတိုင်း အိမ်ရှင် အာဆင်နယ်အသင်းဘက်ကို (၂)ဂိုးထိ သွင်းယူနိုင်ဖူးတဲ့ စပါး ကစားသမားဆိုလို့ တစ်ဦးတစ်ယောက်မှ မရှိထားခဲ့ရာ အခုဆို ဆွန်ဟောင်မင်က သူ တစ်ဦးတည်း အာဆင်နယ်ကို (၂)ဂိုး သွင်းယူကာ စံချိန်သစ် စိုက်ထူသွားနိုင်ခဲ့ပါတယ်။

Photo Credit : TNT Sports

အားထားရဆုံး တိုက်စစ်မှူး ဟယ်ရီကိန်း မရှိတော့ချိန် ဝါရင့် ဂိုးသမားကြီး လိုရစ်ကလည်း အသင်းမှာ အနာဂတ် မရှိနိုင်တော့ချိန်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရတဲ့ ဆွန်ဟောင်မင်ဟာ အခုဆိုရင် ပရီးမီးယားလိဂ် (၅)ပွဲမှာ (၅)ဂိုးထိ သွင်းယူထားရင်း ဟာလန်းရဲ့နောက် ဒီရာသီ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

ဒါ့အပြင် ၂၀၁၅ခုနှစ်ကတည်းက လေဗာကူဆင်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ အသက် (၃၁)နှစ်အရွယ် တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဒီလန်ဒန်ဒါဘီမှာပဲ စပါးအတွက် သွင်းဂိုးစုစုပေါင်း ဂိုး (၁၅၀)မြောက်ထိ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

Exit mobile version