ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးနဲ့ တောင်ကိုရီးယားတို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဆွန်ဟောင်မင်က ယမန်နေ့ညမှာ အာရှဖလား ကွာတားဖိုင်နယ်ပွဲ အဖြစ် ဩစတေးလျနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းရဲ့ အနိုင် ၊ အရှုံးကို အဆုံးအဖြတ် ပေးနိုင်တဲ့ နောက်ဆုံးမိနစ် ပင်နယ်တီကို ဘာကြောင့် ကိုယ်တိုင် မကန်သွင်းပဲ အသင်းဖော် ဟွမ်ဟီချန်ကို ကန်သွင်းခိုင်းခဲ့လဲ ဆိုတာကို ပွဲပြီးအင်တာဗျူးမှာ ရှင်းပြသွားခဲ့ပါတယ်။

ဩစတေးလျနဲ့ တောင်ကိုရီးယားတို့ရဲ့ ပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ ဝုလ်ဗ်တိုက်စစ်မှူး ဟွမ်ဟီချန်တို့က တောင်ကိုရီးယားရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပြီး သူတို့နှစ်ဦးစလုံးက ဩစတေးလျရဲ့ ခံစစ်ကြောင်းကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့သလို အသင်းအတွက် အရေးပါတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Optus Sports

အဆိုပါပွဲမှာ တောင်ကိုရီးယားက ဩစတေးလျကို ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူကာ ဖိကစားနိုင်ခဲ့ပေမယ့် ဩစတေးလျက ပွဲချိန် ၄၂မိနစ်မှာ သွင်းယူခဲ့တဲ့ ဂွတ်ဒ်ဝင်းရဲ့ သွင်းဂိုးနဲ့ ပွဲကို အချိန်အတော်ကြာ ဦးဆောင် ကစားနိုင်ခဲ့ပြီး အနိုင်ရလုနီးပါး အထိ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၉၀+၄မိနစ် ဝန်းကျင်မှာတော့ ဆွန်ဟောင်မင်ရဲ့ ပါးနပ်တဲ့ ကစားပုံကနေ တောင်ကိုရီးယားတို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ဟွမ်ဟီချန်က အဆိုပါပင်နယ်တီကို အမှားအယွင်း မရှိ ကန်သွင်းကာ တောင်ကိုရီးယား အတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

တဖက် တဂိုးစီ သရေကျပြီးတဲ့နောက် အချိန်ပို ဆက်လက် ယှဉ်ပြိုင် ကစားရာမှာ ပွဲချိန် ၁၀၄မိနစ်မှာ ဆွန်ဟောင်မင်က ဂိုးဧရိယာထိပ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကို အလှပဆုံး ကန်သွင်းကာ တောင်ကိုရီးယား အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးပြီး သူ့ရဲ့အသင်းကို ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ဩစတေးလျ ၁-၂ တောင်ကိုရီးယား ပွဲအပြီးမှာတော့ ဆွန်ဟောင်မင်က ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးမယ့် ပင်နယ်တီကို ဘာကြောင့် ဟွမ်ဟီချန်ကို ကန်ခွင့်ပေးခဲ့သလဲ ဆိုတာ အခုလိုပဲ ရှင်းပြလာပါတယ်။ ဆွန်ဟောင်မင်က – “ဟီချန်က ပင်နယ်တီကို တာဝန်ယူ ကန်သွင်းဖို့ စိတ်အားထက်သန်နေခဲ့တာပါ။ နည်းပြက ကျွန်တော့်ကို ပင်နယ်တီ ကန်စေချင်ပေမယ့် ကျွန်တော်ကတော့ ဟီချန်ရဲ့ စိတ်အားထက်သန်မှုကို မြင်နေခဲ့ပါတယ်။ အသင်းခေါင်းဆောင် တယောက်အနေနဲ့ ကျွန်တော်က လောဘမကြီးချင်ပါဘူး။ ကျွန်တော်က ဟီချန်ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား တယောက် ဆိုတာကို ပြသချင်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို ကန်ခွင့် ပေးခဲ့တာပါ။ ပင်နယ်တီဝင်အောင် ကန်ပေးတဲ့ အတွက် ဟီချန်ကို ကျေးဇူးချင်ပါတယ်” လို ရှင်းလင်း ပြောကြားသွားခဲ့တာပါ။