MySport Myanmar

မက်ဆီနဲ့ လက်ဘရွန်ဂျိမ်းစ်တို့ကို ကျော်ဖြတ်ပြီး ဆွန်ရဲ့ ဂျာစီရောင်းအား ကမ္ဘာမှာ အများဆုံးဖြစ်

မေဂျာလိဂ်ကလပ် LAFC အသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်သူ ဂျွန် သော်ရင်တန်က တောင်ကိုရီးယား တိုက်စစ်ကြယ်ပွင့် ဆွန်ဟောင်မင်ရဲ့ ကလပ်ဂျာစီအင်္ကျီဟာ လက်ရှိအချိန် ကမ္ဘာပေါ်မှာ ရောင်းအားအကောင်းဆုံးဖြစ်နေကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

မကြာသေးမီကမှ စပါးအသင်းကနေ LAFC အသင်းသို့ ပြောင်းရွှေ့လာခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ ဂျာစီရောင်းအားဟာ ဘောလုံးလောကကိုသာမက အခြားအားကစားလောကမှ ကစားသမားကြီးတွေကိုပါ ကျော်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ဂျာစီဟာ NBA စူပါစတားတွေဖြစ်တဲ့ လက်ဘရွန်ဂျိမ်းစ်၊ စတီဖင်ကာရီတို့အပြင် MLS ပြိုင်ဘက် အိုင်ကွန်ကစားသမား လီယွန်နယ် မက်ဆီတို့ရဲ့ ဂျာစီတွေထက်တောင် ပိုမိုရောင်းချနေရတယ်လို့ သိရပါတယ်။

Photo Credit : Yahoo Sport UK

ဂျွန် သော်ရင်တန်က ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ဆွန်ဟောင်မင်ကို ခေါ်ယူကြောင်း ကြေညာလိုက်တဲ့ အချိန်ကစပြီး အချိန်နဲ့တပြေးညီ ရရှိထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။talkSPORT နဲ့ တွေ့ဆုံရာမှာ သူက “ဒါဟာ ဒုတိယမြောက် သီတင်းပတ်ထဲကို ဝင်လာပါပြီ။ ကျွန်တော်တို့ ပြောနေတာက MLS မှာ ရောင်းအားအကောင်းဆုံး ဘောလုံးဂျာစီအကြောင်းတင် မဟုတ်တော့ပါဘူး။”

“ဒါဟာ လက်ရှိအချိန်မှာ ကမ္ဘာပေါ်က အားကစားနည်းအားလုံးထဲမှာ ရောင်းအားအကောင်းဆုံး ဂျာစီဖြစ်နေပါပြီ။ ကျွန်တော် ဆွန်ဟောင်မင်အကြောင်း ပြောနေတာပါ။ သူ LAFC ကို စာချုပ်ချုပ်လိုက်တဲ့အချိန်ကနေ အခုချိန်အထိ ကမ္ဘာပေါ်က ဘယ်အားကစားသမားထက်မဆို ဂျာစီပိုရောင်းချထားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

ဒါ့အပြင် လော့စ်အိန်ဂျလိစ် ဒါဂျာ (Los Angeles Dodgers) ဘေ့စ်ဘောအသင်းကလည်း လာမယ့် သြဂုတ်လ ၂၇ ရက်နေ့မှာ ဆန်ဒီယေဂို ပါဒါစ် (San Diego Padres) အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မတိုင်ခင်မှာ ဆွန်ဟောင်မင်က ဂုဏ်ပြုဖွင့်ပွဲအဖြစ် ပထမဆုံးဘောလုံးကို ပစ်ပေါက်ပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ LAFC အသင်းကလည်း သူတို့ရဲ့ကစားသမားသစ်ကို လော့စ်အိန်ဂျလိစ်မြို့ရဲ့ နောက်ထပ်အားကစားအဖွဲ့အစည်းတစ်ခုနဲ့ မိတ်ဆက်ပေးမယ့် ဒီပွဲကို လာရောက်အားပေးဖို့ ပရိသတ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီလိုစီစဉ်ခြင်းဟာ MLS ကလပ်အသင်းတွေက သူတို့ရဲ့နိုင်ငံတကာကစားသမားသစ်တွေကို ပရိသတ်ပိုမိုသိရှိလာစေဖို့ အမေရိကန်ရဲ့ အဓိကရေစီးကြောင်း အားကစားနယ်ပယ်တွေကို အသုံးချပြီး ကြော်ငြာမြှင့်တင်တဲ့ နောက်ဆုံးသာဓကတစ်ခုလည်း ဖြစ်ပါတယ်။ ချီကာဂိုဖိုင်းယားအသင်းနဲ့ MLS ပွဲဦးထွက်ကို ကစားခဲ့ပြီးနောက် ဆွန်ဟောင်မင်ဟာ လာမယ့်စနေနေ့မှာ နယူးအင်္ဂလန် ရီဗော်လူးရှင်းအသင်းနဲ့ ယှဉ်ပြိုင်မယ့် LAFC အသင်းရဲ့ နောက်ထပ် MLS ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖွယ်ရှိနေပါတယ်။

Exit mobile version