MySport Myanmar

အသင်းရဲ့ ရှုံးပွဲက အသင်းသားတွေမှာသာ တာဝန်ရှိတယ်လို့ ဆွန်ဟောင်မင် ပြောဆို

မနေ့ညက ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ အိမ်ရှင်စပါးက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခဲ့ရပေမယ့်လည်း ဧည့်သည်အသင်းက ပွဲပြီးဆုံးဖို့ မိနစ်ပိုင်းလောက်အလိုမှာ သွင်းဂိုး(၂)ဂိုး ဆက်တိုက်သွင်းယူနိုင်ခဲ့တာကြောင့် စပါးအသငး်အနေနဲ့ နည်းပြကွန်တီလက်ထက် ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက်ထိ အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

Top 4 ဝင်ခွင့်အတွက် ကြိုးပမ်းအားထုတ်နေတဲ့ စပါးအသင်းဟာ ဘတ်နာရက်ခ်ရဲ့ Own Goal ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးတွေနဲ့ ဆောက်သမ်တန်အသင်းကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အယ်ယူနူဆီနဲ့ ချယ်အဒမ်စ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို (၂)မိနစ်အတွင်းမှာ ဆက်တိုက်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာတော့ (၂)ဂိုး(၃)ဂိုးနဲ့ စပါးတို့ အရေးနိမ့်သွားခဲ့ရပါတယ်။ တကယ်လို့ ဒီပွဲကိုသာ အနိုင်ရလိုက်မယ်ဆိုရင် အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ မြို့ခံကလပ် ဝက်စ်ဟမ်းအသင်းနဲ့ အမှတ်ကွာဟမှု လျော့ချနိုင်မှာ ဖြစ်သလို ပွဲကျန်တွေကိုပါ အနိုင်ယူခဲ့မယ်ဆိုရင်လည်း အဆင့်(၄)နေရာပါ ရယူသွားနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားခဲ့ရတာကြောင့် အဆင့်(၇)နေရာကို ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီရှုံးပွဲနဲ့ပတ်သက်ပြီး ဆွန်ဟောင်မင်က “ရိုးရိုးသားသား ပြောရရင်တော့ အရမ်းကို စိတ်ပျက်ဖို့ကောင်းတယ်။ အထူးသဖြင့် အိမ်ကွင်းမှာ ဦးဆောင်ထားပြီးမှဆိုတော့။ ငါတို့တွေ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်။ (၅)မိနစ်အတွင်း တူညီတဲ့ ဂိုးတွေ ခွင့်ပြုလု်က်ရတာက အရမ်းကို စိတ်ပျက်စရာပါ၊ ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အခါ သူတို့တွေက ပြင်းပြင်းထန်ထန်နဲ့ကို ဖိအားပေး ကစားသွားမယ်ဆိုတာ ငါတို့ သိထားပြီးသား။ ငါတို့တွေ ပထမပိုင်း ပွဲကစားချိန်မှာ ရုန်းကန်ခဲ့ရပေမယ့် ဂိုးရနိုင်တဲ့ အခွင့်အရေးတွေတော့ ရှိခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ တကယ်ကို စိတ်ပျက်မိခဲ့ရတယ်။ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခုပါ။ အသင်းသားအားလုံးလည်း စွမ်းဆောင်ရည် ကျဆင်းနေပါတယ်။ ငါတို့တွေ တခြားအသင်းတွေကို ကြည့်မနေပဲ တတ်နိုင်သမျှ ဒီထက်မြင့်မားတဲ့ နေရာမျိုးကနေ အဆုံးသတ်သွားချင်ပါတယ်။ ထပ်ကြိုးစားရမယ်။ အရှုံးကနေ ပြန်လာနိုင်ရမယ်။ ကွန်တီက ကျွန်တော်တို့ကို အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေ စွမ်းအားတွေနဲ့ အနိုင်ရယူလိုစိတ်တွေ ပေးတဲ့အတွက် ကျေနပ်မိရတယ်။ ရှုံးပွဲကြုံတွေ့တဲ့ အချိန်မျိုးမှာ ဒီရှံးပွဲအတွက် ကစားသမားတွေမှာ တာဝန်ရှိတယ်။ လာမယ့် တနင်္ဂနွေမှာ ငါတို့ ပြန်လာနိုင်ဖို့ လိုအပ်ပြီးတော့ ငါတို့ရှိသင့်တဲ့ နေရာကိုလည်း ပြန်သွားရမယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Exit mobile version