မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ Le Classique ဒါဘီပွဲစဉ်အတွင်းမှာ ယခင်ဒါဘီပွဲတွေထက်ကို ပြိုင်ဆိုင်မှုပြင်းထန်းလွန်းခဲ့ကာ အနီကတ်တွေ အဝါကတ်တွေ ပလူပျံသွားခဲ့ရပြီး ပီအက်စ်ဂျီဘက်ကလည်း တိုက်စစ်မှူးနေမာအပါအဝင် နောက်ခံလူကာဇာဝါနဲ့ ကွင်းလယ်လူပါရီဒက်စ်တို့ပါ ထုတ်ပယ်ခံခဲ့ရပြီး အဝါကတ်ပြခံရမှုတွေလည်း များပြားခဲ့ရပါတယ်။ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့ နေမာက သူ့ကို ပြိုင်ဘက်ကစားသမားက အသားအရောင်ခွဲခြားစော်ကားခဲ့တယ်လို့ ပြောဆိုလိုက်ပြီး ဒါကို အဲဗာရိုဂွန်ဇာလက်ဇ်ဘက်ကနေ ပြန်လည်တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

နေမာဟာ သူ့ကို ဒီပွဲစဉ်အတွင်းမှာ မာဆေးလ်အသင်းရဲ့ စပိန်ဗဟိုနောက်ခံကစားသမား အဲဗာရိုဂွန်ဇာလက်ဇ်က အသားအရောင်ခွဲခြားစော်ကားခဲ့ပြီး မျောက်လို့ပါ ခိုင်းနှိုင်းရန်စခဲ့လို့သာ ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့တာဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပေမယ့် ဂွန်ဇာလက်ဇ်ကတော့ နေမာအပေါ် အသားအရောင်ခွဲခြားတာတွေ လုပ်ဆောင်ခဲ့ခြင်းမရှိပဲ နေမာကိုယ်တိုင်ကသာ အရှံးကို လက်သင့်မခံနိုင်ပဲ ဖြစ်နေရတာလို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဂွန်ဇာလက်ဇ်က “အသားအရောင်ခွဲခြားစော်ကားမှုအတွက် လက်သင့်ခံနိုင်စရာ နေရာမရှိပါ။ ကျွန်တော်ရော ကျွန်တော့်အသင်းဖော်တွေပါ သန့်သန့်ရှင်းရှင်းပဲ ဘောလုံးသမားဘဝကို ဖြတ်သန်းနေတာပါ”

Photo Credit : Sky News

“တစ်ခါတစ်လေကျတော့ သင့်အနေနဲ့ ကွင်းအတွင်းမှာ အရှံးကို ဘယ်လိုရင်ဆိုင်ရမလဲ ဘယ်လိုလက်ခံရမလဲဆိုတာကို သင်ယူထားသင့်တယ်။ အနိုင်(၃)မှတ်ကတော့ အတော်လေးကို ထူးခြားကောင်းမွန်ခဲ့ပါတယ်။ မာဆေးလ်မိသားစုဝင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်” လို့ တွစ်တာပေါ်ကနေ ရှင်းလင်းလာခဲ့ပါတယ်။ မနေ့ညကပွဲအတွင်းမှာ နေမာနဲ့ဂွန်ဇာလက်ဇ်နှစ်ယောက်ဟာ မကြာခဏထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ နှစ်သင်းလုံးအချင်းများနေချိန်မှာ နေမာက ဂွန်ဇာလက်ဇ်ရဲ့ဦးခေါင်းကို လက်နဲ့ရိုက်နှိပ်မိတာကို ကွင်းလယ်ဒိုင်ကနေ VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် နေမာကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ နေမာကတော့ သူ့ကို ဂွန်ဇာလက်ဇ်က မျောက်ဆိုတဲ့ အသုံးအနှုန်းနဲ့ စော်ကားပြောဆိုခဲ့တာဖြစ်ပြီး ဦးခေါင်းထက် မျက်နှာကို မရိုက်မိလိုက်တာကိုပဲ နောင်တရမိခဲ့တယ်လို့ သူရဲ့တွစ်တာပေါ်ကနေ ပြောဆိုသွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ ပီအက်စ်ဂျီနဲ့မာဆေးပွဲအတွင်းက ဖြစ်ပွားခဲ့တဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့တဲ့ ဖြစ်ရပ်တွေအားလုံးကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကနေ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး ထပ်မံအရေးယူမှုတွေကိုလည်း လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။