ဒီနှစ်ဘောလုံးရာသီအတွင်း လီဗာပူးလ်အသင်းအတွက် သွင်းဂိုးတွေများစွာကို ဒိုင်ခံသွင်းယူပေးနေတဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက သူရဲ့ လီဗာပူးလ် တိုက်စစ်အတွဲအဖက် ကစားသမား ဆာဒီယိုမာနေးနဲ့ သူနဲ့ကြားက ဆက်ဆံရေးအကြောင်းတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီး သူက တစ်ခါတစ်ရံမှာ တစ်ကိုယ်ကောင်းဆန်စွာ ပြုမှုဆက်ဆံတတ်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Extra News Ghana

အသက်(၂၉)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ဒီနှစ်ရာသီအတွင်း လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၃)ဂိုး သွင်းယူထားနိုင်ခဲ့ပြီး မာနေးက လိဂ်သွင်းဂိုး (၇)ဂိုး သွင်းယူထားနိုင်ပေမယ့်လည်း သူတို့နှစ်ဦးဟာ တစ်ခါတစ်ရံမှာ အချင်းချင်း ဘောလုံးပေးပို့မှုတွေပါ ပြုလုပ်တတ်လေ့မရှိလို့ နှစ်ဦးကြားက ဆက်ဆံရေးတွေ သိပ်မကောင်းလှဘူးဆိုပြီး သတင်းမီဒီယာတွေကနေ ဖော်ပြခဲ့ကြပါသေးတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဆာလာက “ဆာဒီယိုနဲ့ ကျွန်တော်ရဲ့ကြားက ဆက်ဆံရေးလား? ကျွန်တော်တို့နှစ်ယောက်က ကွင်းထဲမှာရော အဝတ်လဲခန်းအတွင်းမှာပါ အသင်းဖော်တွေ ဖြစ်သလို ဒါဟာလည်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆက်ဆံရေးတစ်ခုပါ”

Photo Credit : The Times

“ကျွန်တော်တို့နှစ်ယောက်လုံးက အသင်း အနိုင်ရဖို့အတွက် ကျွန်တော်တို့မှာရှိနေတဲ့ အရာတွေအားလုံးကို ပေးဆပ်နေကြတာပါ။ ဘယ်သူက ပိုကောင်းမလဲဆိုတဲ့အပေါ် ပြိုင်ဆိုင်မှုတွေ ရှိကောင်းရှိနိုင်ပေမယ့် ဒါဟာ ဘယ်အသင်းမဆို ပုံမှန်ကိစ္စရပ်လို ဖြစ်နေရပြီး ကစားသမားတိုင်းအတွက်ကလည်း တရားဝင် အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေအားလုံးရဲ့ အဆုံးမှာတော့ အသင်းအတွက် ဆောင်ရွှက်ပေးတာပဲ ဖြစ်သွားပါတယ်။ တစ်ခါတစ်ရံဆိုရင် ကျွန်တော်က ကွင်းထဲမှာ တစ်ကိုယ်ကောင်းဆန်စွာ ပြုမှုတတ်ပေမယ့် ဘယ်သူကမှ အသင်းရဲ့ အကျိုးအတွက် ကိုယ့်ကျိုးကိုပဲ ရှေ့တန်းတင်တဲ့သူ မရှိပါဘူး။ ပွဲတစ်ပွဲမှာ ဆာဒီယိုက စိတ်ဆိုးဒေါသထွက်ပြီး ကွင်းထဲကနေ ထွက်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဆာဒီယိုနဲ့ ကျွန်တော်တို့ကြား ဆက်ဆံရေးတွေ ဆိုးရွှားနေပြီဆိုပြီး ပရိသတ်တွေဘက်ကနေ ပထမဆုံးအကြိမ် ပြောလာတာပါ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ပိုင်းကတည်းက သူက ကျွန်တော့်ကို ဘောလုံးမပေးဘူး ကျွန်တော်ကလည်း ဆာဒီယိုကို ဘောလုံးမပေးဘူးဆိုပြီး ပြောလာကြတယ်။ ဒါပေမယ့် ဆာဒီယိုက ကျွန်တော့်ကို ဖန်တီးမှုတွေ လုပ်ပေးသလို ကျွန်တော်လည်း သူ့ကို ပြန်ဖန်တီးပေးပါတယ်။ အသင်းရဲ့ ကစားသမားတစ်ဦးဦး ဂိုးသွင်းယူတိုင်းလည်း ကျွန်တော် မနာလိုမဖြစ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။