MySport Myanmar

ဒီလိုမျိုး ဖြစ်နေမယ်ရင် ဘိုင်ယန်ကို ဘယ်ကစားသမားက လာချင်တော့မှာလဲလို့ လီဝန် ပြစ်တင်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ထိပ်တန်းကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးက အခုနှစ် နွေဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာလိုကြောင်းကို ထပ်လောင်းပြောဆိုသွားခဲ့ပြီး အသင်းဘက်က သူရဲ့တောင်းဆိုမှုအပေါ် လိုက်လျောခြင်း မရှိပဲ သူ့လို အသင်းမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကစားသမားမျိုးကိုမှ ဒီလိုမျိုးတွေ ပြုမှုနေမယ်ဆိုရင် အသင်းကို ဘယ်ကစားသမားကမှ ပြောင်းရွှေ့လာချင်တော့မှာ မဟုတ်ဘူးလို့ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဘောလုံးရာသီ (၈)ရာသီအထိ ဖြတ်သန်းခဲ့ကာ အသင်းအတွက် သွင်းဂိုးများစွာရော ဆုဖလားတွေများစွာပါ ရယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ လီဝန်ဒေါစကီးဟာ အခုအချိန်မှာ ဘိုင်ယန်ကနေ ထွက်ခွာချင်နေပြီး အသင်းက ထွက်ခွာချင်ကြောင်းကို လူသိရှင်ကြား ပြောဆိုထားခဲ့သလို အသင်းကိုလည်း ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုထားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် လက်ရှိမှာ ဘိုင်ယန်ဘက်က လီဝန်ဒေါစကီးကို အသင်းက ထွက်ခွာခွင့်မပေးထားသေးတာကြောင့် အသင်းရဲ့ ဆောင်ရွှက်ချက်တွေအပေါ် စိတ်ပျက်လျက် ရှိနေပါတယ်။ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လီဝန်ဒေါစကီးဟာ “ကျွန်တော် ဘိုင်ယန်ကနေ ထွက်ခွာချင်ပါတယ်။ သစ္စာရှိမှုနဲ့ လေးစားမှုတွေက အလုပ်ထက်ကို ပိုအရေးကြီးတယ်။ အကောင်းဆုံးကတော့ အတူတူ အဖြေရှာဖို့ပါပဲ။ သူတို့က ကျွန်တော့်စကားကို ဆုံးခန်းတိုင်အောင် နားမထောင်ချင်ကြဘူး။ ကျွန်တော့်ရင်ထဲမှာ တစ်ခုခုသေဆုံးသွားတယ်။ အဲ့ဒါကို ကျော်သွားဖို့ မဖြစ်နိုင်ဘူး။ ပရော်ဖက်ရှင်နယ် ဖြစ်ချင်ရင်တောင်မှ အဲ့ဒါကို ပြင်လို့မရပါဘူး။ ဘာစီလိုနာကလွဲလို့ တခြားကမ်းလှမ်းမှုတွေ မစဉ်းစားထားပါဘူး။ ဘိုင်ယန်ကနေ ထွက်ခွာချင်တာ ရှင်းပါတယ်။ ကလပ်မှာ ဒဏ်ရာတွေ နာကျင်မှုတွေကြားထဲကမှ အဆင့်သင့်ဖြစ်နေအောင် နှစ်အတန်ကြာအထိ အစွမ်းကုန် ပေးဆပ်ခဲ့တယ်။ အကောင်းဆုံးကတော့ နှစ်ဖက်စလုံးအတွက် အဖြေကောင်း ရှာဖို့ပါပဲ။ တစ်ဖက်သတ် ဆုံးဖြတ်ချက်ကို ရှာဖို့ မဟုတ်ဘူး။ ကျွန်တော်လည်း တစ်ဖက်သတ် ဆုံးဖြတ်ချက်မျိုးကို သဘောမကျဘူး။ ဒါက အဓိပ္ပါယ်လည်း မရှိဘူး။ ဒီလိုမျိုးတွေ ကြုံလာရနိုင်မှန်းသိရင် ဘိုင်ယန်ကို ဘယ်လိုကစားသမားမျိုးက သွားချင်မှာလဲ။ အသင်းရဲ့ ကစားသမားတွေအပေါ် လေးစားမှုနဲ့ သစ္စာစောင့်သိမှုတွေက ပျောက်ဆုံးနေတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version