မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ သူ့ရဲ့ မန်ယူ ကစားသမားတွေေဟာ ယနေ့ည (၁၁း၀၀) အချိန်မှာ မန်စီးတီးအသင်းနဲ့ ကစားသွားရမယ့် မန်ချက်စတာ ဒါဘီပွဲစဉ်ကို ကစားဖို့အတွက် ယုံကြည်မှု အပြည့် ရှိနေကြပြီ ဖြစ်တယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၉) ပွဲမှာ (၉) ပွဲစလုံးကို ရှုံးပွဲ မရှိခဲ့တာကြောင့် အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၃) မှတ်ပဲ ကွာဟနေပြီး နောက်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့် ရရှိဖို့ နီးစပ်သထက် နီးစပ်လာပြီလို့ ပြောနိုင်ပါတယ်။

 

Photo Credit: Goal

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ် ဒီဇင်ဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်မှာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို အဝေးကွင်းမှာ (၂-၁) နဲ့ အရေးနိမ့်ခဲ့ပေမဲ့ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဉ်မှာတော့ မန်စီးတီးအသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရရှိနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ယနေ့ည မန်စီးတီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ်မှာ မန်စီးတီးအသင်းကို အနိုင်ရမယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ နီးစပ်သထက် နီးစပ်သွားမှာ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကတော့ အနိုင်ရဖို့ မျှော်လင့်နေလျက် ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဆိုးလ်ရှားက “ဘာမှ မရှိတဲ့ အရာထဲကနေ ယုံကြည်မှု ရယူလို့ မရပါဘူး။ ဒါကြောင့်ပဲ ယုံကြည်မှုက စွမ်းဆောင်ရည် နဲ့ ရလဒ်ထဲက ရရှိတာပါ။ ယုံကြည်မှုက မှန်ကန်တဲ့ လုပ်ရပ်ကို ထပ်ဖန်တစ်လဲလဲ လုပ်ရာကနေ လာတာပါ။ ကျွန်တော်တို့ သူတို့နဲ့ ကစားသွားရမယ့် ပွဲစဉ်မှာ အဲဒါကို ပြန်လုပ်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုရင် သူတု့ိက အကောင်းဆုံး ပုံစံကို ရရှိနေကြပြီး မယုံနိုင်စရာ ကောင်းတဲ့ အသင်း ဖြစ်လို့ပါ။ ဒါကြောင့်မို့ ကျွန်တေ်ာတို့အနေနဲ့က အဆင်သင့် ဖြစ်နေပြီ ဆိုတာ သေချာဖို့ လိုပါတယ်။ ဒီပွဲစဉ်ကို ကျွန်တော်တို့ စောင့်မျှော်နေခဲ့ကြတယ်လို့ ကျွန်တော် ပြောရမှာပါ။ ဒီပွဲက ဒါဘီပွဲစဉ်ပါ။ ကျွန်တော်တို့ ပုံစံကောင်းကို ပြန်လည်ရရှိခဲ့ပါပြီ။ ဒါဘီပွဲစဉ်မှာ ပုံစံကောင်းတွေ ပြန်ပျောက်နိုင်တယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ကစားသမားတွေက ဒီပွဲစဉ်ကို ကစားဖို့ ယုံကြည်မှု အပြည့်ပါပဲ”လို့ ပြောသွားတာ ဖြစ်ပါတယ်။