ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဧည့်သည် ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ယခုနိုင်ပွဲဟာ ယူနိုက်တက်အသင်းအတွက် ချယ်လ်ဆီးအသင်းကို ယခုနှစ်ဘောလုံးရာသီအတွင်းမှာ သုံးကြိမ်မြောက် အနိုင်ရရှိခဲ့ခြင်းလဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ဒါ့အပြင် မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဆိုးလ်ရှားအနေနဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြလမ်းပတ်နဲ့ တွေ့ဆုံမှုမှာ ၁၀၀ရာခိုင်နှုန်း နိုင်ပွဲရရှိတဲ့စံချိန်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ လမ်းပတ်တစ်ယောက် ချယ်လ်ဆီးအသင်းနည်းပြ ဖြစ်လာပြီးနောက်မှာ ချယ်လ်ဆီးအသင်းနဲ့ သုံးကြိမ်တွေ့ဆုံခဲ့ရာမှာ သုံးကြိမ်စလုံးကို အနိုင်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

လမ်းပတ်နဲ့ဆိုးလ်ရှားတို့ဟာ ယခုနှစ် ဘောလုံးရာသီ အဖွင့်ပွဲမှာပဲ ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို လေးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ဟာ ကာရာဘောင်းဖလားပြိုင်ပွဲမှာ ထပ်မံတွေ့ဆုံခဲ့ပြီး ယူနိုက်တက် ဟာ အဝေးကွင်းမှာ နှစ်ဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ်။

Photo Credit: Metro.com

ယနေ့မနက်မှာ ကစားခဲ့တဲ့ ပွဲစဉ်ကတော့ လမ်းပတ်နဲ့ဆိုးလ်ရှားတို့ကြားက သုံးကြိမ် သုံးခါမြောက် တွေ့ဆုံတဲ့ပွဲဖြစ်ပြီး ဒီပွဲမှာလည်း ထုံးစံအတိုင်းပဲ ဆိုးလ်ရှားက လမ်းပတ်ကို အသာစီးရယူသွားနိုင်ခဲ့ပြန်ပါတယ်။ လမ်းပတ်အနေနဲ့ ဘယ်အချိန်မှ ဆိုးလ်ရှားကို ပြန်ပြီးအသာစီးရယူနိုင်မလဲဆိုတာကို စောင့်မျှော်နေရင်း….။