ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ သူဟာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတဲ့ အသင်းရဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းရဲ့ အထက်မှာ ဘယ်သူမှ မရှိကြောင်း သတိပေး ပြောဆို ထားကြောင်း လိဒ်ယူနိုက်တက် အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန် ထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

 

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ၂၀၂၀ခုနှစ် အတွင်းမှာ တောက်လျှောက် ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိသလို သူတို့အသင်းရဲ့ Game of the Season လို့ ပြောလို့ရတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲ မတိုင်မီမှာလည်း ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရိုင်းအိုလာက ပေါ့ဘာရဲ့ အနာဂတ်ဟာ ယူနိုက်တက်အသင်းမှာ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ပြောကြား ခဲ့တာကြောင့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို အနည်းနဲ့ အများ ထိခိုက်စေခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ သူ့ရဲ့ ပုံမှန် ခြေစွမ်းကောင်း တစ်ရပ်ကို ပြသ ထားနိုင်ပေမယ့် ဆိုးလ်ရှားကတော့ အသင်းရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့ အကြောင်းကို ပေါ့ဘာအား ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။

Photo Credit: Sky Sports

အသင်းရဲ့ အထက်မှာ ဘယ်သူမှ မရှိဘူးဆိုတဲ့ အချက်ကို ပေါ့ဘာအား သတိပေးထားကြောင်းကို ဆိုးလ်ရှားက “ကျွန်တော်က ဘယ်ကစားသမားကိုမှ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထက် ပိုပြီး ကြီးကျယ်တယ် ဆိုတဲ့ အတွေးကို တွေးခွင့်မပြုပါဘူး။ ဘယ်သူမှ ဒီလို တွေးလို့ မရပါဘူး။ လုံးဝပါပဲ။ ပြီးတော့ ပေါလ်(ပေါ့ဘာ)ကလည်း ဒီအချက်ကို သိပါတယ်။ အဲ့ဒီအချက်က ပေါလ်နဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်တဲ့ အရာပါ။ ဘယ်သူမှ အသင်းရဲ့အထက်မှာ မရှိပါဘူး” လို့ ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယနေ့ည ၁၁နာရီ အချိန်မှာတော့ လက်ရှိ ရာသီမှာ အသင်းကြီးတွေကို ဒုက္ခပေးထားနိုင်တဲ့ လိဒ်ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာသာ အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ အမှတ်ပေးဇယားရဲ့ အဆင့်၄ နေရာ အထိ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။