ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး မာရှယ်အပေါ် စိတ်ရှည် သည်းခံမှုတွေ ကုန်ဆုံးသွားတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိပါက ကမ်းလှမ်းမှုတွေကို နားစွင့်သွားမယ်လို့ သိရပါတယ်။ အသက် ၂၅နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး မာရှယ်ဟာ ၂၀၁၅ခုနှစ်ထဲက အသင်းထံ ရောက်ရှိခဲ့သူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ သူ့ဆီက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုး မရသေးပဲ သူ့ရဲ့ ခြေစွမ်းဟာ ကောင်းလာလိုက် ၊ ဆိုးလာလိုက်နဲ့ပဲ သံသရာ လည်နေပါတယ်။

Photo Credit: Metro

ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် မာရှယ်နဲ့ ရက်ဖို့ဒ်ကို တိုက်စစ်မြှားဦးမှာ တွဲဖက် အသုံးပြုခဲ့ပြီး အဆိုပါ အချိန်တုန်းက မာရှယ်ဟာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအတွက် သွင်းဂိုး အမြောက်အများကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ဆိုးလ်ရှားဟာ ၂၀၁၉ ခုနှစ်မှာ မာရှယ်ကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ဖွယ် ရှိနေပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားဟာ ပုံမှန် ခြေစွမ်းကောင်း တရပ်ကို ထိန်းသိမ်းထားနိုင်ခြင်း မရှိသလို လေ့ကျင့်ခန်း အစီအစဉ်တွေမှာလည်း ကြိုးစား အားထုတ်မှု နည်းပါးတဲ့ မာရှယ်ကို ရောင်းထုတ်ဖို အသင်းထံ အကြောင်းကြားထားကြောင်း သိရပါတယ်။

Photo Credit: Metro

ဆိုးလ်ရှားဟာ မာရှယ်ကို ရောင်းထုတ်ပြီး အသင်းထံ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကာ ဆိုးလ်ရှားရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းတို့ ဖြစ်ကြောင်း နော်ဝေ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။ တဖက်မှာလည်း မာရှယ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ရောင်းချဖို့ ဆန္ဒရှိပါက အသင်းမှာ ဆက်နေဖို့ ဆန္ဒမရှိပဲ သူ့ရဲ့ အေးဂျင့်ဖြစ်သူကို အသင်းသစ် ရှာဖွေပေးဖို့ ပြောထားပါတယ်။ လတ်တလောမှာတော့ မာရှယ်ရဲ့ အေးဂျင့်ဖြစ်သူဟာ စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းထံ သူ့ရဲ့ ကစားသမားကို ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းထားကာ အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းဟာ မာရှယ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။