ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ နော်ဝေ လူငယ် ကြယ်ပွင့် အိုဒီဂတ်ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေနဲ့ နော်ဝေ သတင်းထောက်တွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လူငယ် ကွင်းလယ်ကြယ်ပွင့် အိုဒီဂတ်ဟာ အသက် ၁၆နှစ် အရွယ်ထဲက ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ နာမည် တစ်လုံးရခဲ့သူ ဖြစ်ပြီး ၂၀၁၇ ခုနှစ်ထဲက ရီးရဲလ်မက်ဒရစ် အသင်းဆီ ရောက်ရှိခဲ့ပေမယ့် လက်ရှိအချိန် အထိ အသင်းရဲ့ အရန် ကစားသမား အဖြစ်သာ ရှိနေတဲ့သူပါ။

Photo Credit: Standard

အိုဒီဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ဆိုစီဒက်အသင်းထံ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ကာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့သလို စပိန် လာလီဂါရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ် ကစားသမား တစ်ဦးအဖြစ်လည်း သတ်မှတ်ခံခဲ့ ရပါတယ်။ ဒါပေမယ့် အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပြန်လည် ရောက်ရှိလာချိန် မှာတော့ ထုံးစံအတိုင်းပဲ အရန်ခုံမှာသာ အချိန်ကုန် ခဲ့ရပြီး ရာသီဝက် ကာလကို ရောက်ရှိခဲ့ချိန်မှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၆၇မိနစ်သာ ကစားခွင့် ရထားပါတယ်။ ဒါ့ကြောင့်ပဲ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ထွက်ခွာချင်နေပြီး အသင်းထံ ကနေ ထွက်ခွာခွင့်လည်း တောင်းခံထားကြောင်း စပိန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Marca က ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Standard

Marca သတင်းဌာနရဲ့ ဆက်လက် ဖော်ပြမှု အရတော့ နော်ဝေလူမျိုး နည်းပြတစ်ဦးဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ လက်ရှိမှာ အိုဒီဂတ်ကို သူ့ရဲ့ အသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အိုဒီဂတ်ကလည်း ဆိုးလ်ရှားနဲ့ ပူးပေါင်းဖို့ အတွက် စိတ်အားထက်သန် နေကြောင်း သိရှိ ရပါတယ်။ မန်ချက်စတာ ညနေခင်း သတင်းဌာနကလည်း ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရောက်ရှိလာ ကတည်းက နော်ဝေ လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဟာလန်းနဲ့ အိုဒီဂတ်တို့ကို သူ အလိုရှိတဲ့ ကစားသမား စာရင်းမှာ ထည့်သွင်းထားပြီး အကယ်၍ ရီးရဲလ် မက်ဒရစ် အသင်းကသာ အိုဒီဂတ်ကို ရောင်းချမယ် ဆိုပါက မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ အိုဒီဂတ်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ပြင်ဆင်ထားကြောင်း ဖော်ပြသွားပါတယ်။