ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယနေ့ညမှာ ကစားမယ့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ အသင်းမှာ ပွဲထွက်ခွင့် မရတာ ကြာနေပြီ ဖြစ်တဲ့ နယ်သာလန် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အသုံးပြု သွားမယ်လို့ အတည်ပြု ပြောကြား သွားပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇၆၂ မိနစ်သာ ကစားထားရသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Goal

ဒါ့ကြောင့်ပဲ နယ်သာလန် အသင်းရဲ့ လက်ရွေးစင် ကစားသမားဟောင်းတွေနဲ့ နည်းပြတွေက ဗန်ဒီဘိခ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ တခြား ကစားခွင့်ရမယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ ကစားဖို့ အတွက် အကြံပေးနေကြပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ ရိုမာနို ကတော့ ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နေရာရဖို့ ရုန်းကန် နေရပေမယ့် အသင်းမှာ ပျော်ရွှင်နေပြီး အသင်းအတွက် ပါဝင် ကစားခွင့် ရရှိတဲ့ အချိန်တိုင်းမှာ အကောင်းဆုံး ကစားပေးဖို့သာ အာရုံစိုက်နေကြောင်း သိရပါတယ်။ ဆိုးလ်ရှား ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဗန်ဒီဘိခ် ကို အသင်းမှာ ဆက်ထိန်းသွားမှာ ဖြစ်သလို ဗန်ဒီဘိခ် အနေနဲ့လည်း အသင်းမှာ နေရာရသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားပါတယ်။

Photo Credit: Goal

ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ ဗန်ဒီဘိခ်ကို နေရာပေးသွားမယ့် အကြောင်းကို ဆိုးလ်ရှားက “ဗန်ဒီဘိခ် နေရာ မရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ကျွန်တော် အများကြီး ဖြေပြီးပါပြီ။ တချို့ ကစားသမားတွေဟာ အချိန် အနည်းငယ် လိုအပ်လေ့ ရှိပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဒီလို ကစားသမားတွေ အများကြီး ရှိပါတယ်။ ပြီးတော့ တခြားအသင်းတွေမှာလည်း ဒီလို ကစားသမားတွေ ရှိပါတယ်။ တစ်ခါတလေ ကစားသမားတွေ ဟာ အသင်းသစ်မှာ အသားကျဖို့ အချိန်လိုအပ်ပါတယ်။ အခုလို အချိန်မှာ သူ့အတွက် စိတ်ပူနေတဲ့ လူတွေကို သူ့အကြောင်း မပြောနဲ့လို့ တားဆီးလို့ မရပါဘူး။ သူတို့က ဗန်ဒီဘိခ် အကောင်းဆုံး ဖြစ်နေတာကိုပဲ မြင်ချင်ကြတာလေ။ ဒွန်နီက မနက်ဖြန်မှာ ကျိန်းသေပေါက် ကစားသွားမှာပါ။ ဒါက သူ့အတွက် နောက်ထပ် အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် သူနဲ့ စကားပြောပြီးပါပြီ။ သူက ကျွန်တော်တို့ကို အများကြီး အံ့အားသင့်စေခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်” လို့ ပြောကြား သွားပါတယ်။