ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယနေ့ည ၁၁နာရီခွဲ အချိန်မှာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဗန်ဒီဘိခ်ဟာ ပါဝင် ကစားသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၃၉သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဗန်ဒီဘိခ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ နွေရာသီ အပြောင်းအရွှေ့ ကတည်းက ပြောင်းရွှေ့ လာသူ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် မရရှိသေးပဲ ဒီရာသီမှာ အသင်းအတွက် စုစုပေါင်း ပြိုင်ပွဲစုံ မှာ ၈၅၂ မိနစ်သာ ကစားထားရပြီး သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားပါတယ်။ ဗန်ဒီဘိခ် ပွဲထွက်ခွင့် မရတာနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားကို အပြစ်တင် ဝေဖန်တဲ့ လူတွေ ရှိနေပေမယ့် ဆိုးလ်ရှား ကတော့ သူဟာ ဗန်ဒီဘိခ်နဲ့ ပတ်သတ်ပြီး အကောင်းဆုံး လုပ်ဆောင်နေကြောင်းနဲ့ ဗန်ဒီဘိခ်ဟာ လိဂ်အသစ်တစ်ခုကို ရောက်ရှိချိန်မှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေကို သိရှိပြီး အရန်ခုံမှာ ထိုင်နေရပေမယ့် အသင်းအနိုင်ရရှိရင် ပျော်ရွှင်နေတတ်တဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း လီဗာပူး အသင်းနဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မတိုင်မီ ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Express

လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ဗန်ဒီဘိခ် ပါဝင်လာမယ့် အကြောင်းကို ဆိုးလ်ရှားက “ပွဲကစားခွင့် မရလို့ ဒွန်နီ (ဗန်ဒီဘိခ်) ပျော်ရွှင်နေတယ်လို့ ကျွန်တော် မပြောချင်ပါဘူး။ သူက ဒီထက်ပိုပြီး ကစားခွင့် ရချင်တဲ့ ကစားသမား တစ်ဦးပါ။ အခုဆိုရင် သူက ကစားခွင့် ရဖို့ အများကြီး ကြိုးစားတယ်။ ပြီးတော့ တွန်းအား ပေးတယ်။ ဆာအဲလက်စ်နဲ့တုန်း ကလည်း ကျွန်တော်ဟာ သူ့လိုပါပဲ။ ဆာအဲလက်စ် ကျွန်တော့်ကို လူစာရင်း ကနေ ချန်လှပ်ခဲ့ရင် ကျွန်တော် နားလည်ပေးသလို အသင်းနိုင်ရင် ကျွန်တော်လည်း ပျော်ပါတယ်။ ဗန်ဒီဘိခ် ကလည်း ဒီလို လူစားမျိုးပါ။ သူက သူဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ကစားသမား တစ်ဦးဆိုတာ သိသလို သူ့အနေနဲ့ ပွဲတွေ အများကြီး ကစားရမှာကိုလည်း သိပါတယ်။ သူက လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင် လာမှာပါ။ ဒါ့အပြင် သူက ပွဲကို အဆုံးအဖြတ် ပေးနိုင်တဲ့ ကစားသမားလည်း ဖြစ်လာနိုင်ပါတယ်။ သူက သူ့ရဲ့ အရည်အချင်းကို ယုံကြည်တယ်လေ” ဆိုပြီး ပြောကြား သွားတာပါ။