မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက သူ့အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မားကပ်စ်ရပ်ရှ်ဖိုဒ့် အန်တိုနီမာစီယဲလ်နဲ့ မေဆန်ဂရင်းဝုဒ်တို့(၃)ဦးလုံးဟာ မနှစ်ကဘောလုံးရာသီအတွင်း ပြသနိုင်ခဲ့ပေမယ့်လည်း ဒီနှစ်ရာသီမှာတော့ ကစားသမား(၃)ဦးလုံးက အသီးသီးရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရကာ ဂိုးသွင်းအားတွေလည်း ကျဆင်းနေခဲ့ရကြောင်း ပြောဆိုခဲ့ပြီး အသင်းရဲ့ သွင်းဂိုးတာဝန်တွေက ကွင်းလယ်ကြယ်ပွင့်ကစားသမား ဘရူနိုဖာနန်ဒက်စ်မှာပဲ မူတည်နေသလို ဖြစ်နေရတယ်လို့ပါ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး(၂၁)ဂိုးအထိကို ရယူထားနိုင်ခဲ့ပြီး အသင်းရဲ့သွင်းဂိုးတာဝန်တွေအတွက် အကျေပွန်ဆုံး ထမ်းဆောင်လျက်ရှိနေပေမယ့်လေည်း မနှစ်က ဂိုးသွင်းခြေပြခဲ့ကြတဲ့ ရပ်ရှ်ဖိုဒ့် မာစီယဲလ် ဂရင်းဝုဒ်တို့ (၃)ဦးလုံးရဲ့ တိုက်စစ်စွမ်းဆောင်ရည်တွေကတော့ ကျဆင်းသွားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီအတွင်း (၂၃)ဂိုး သွင်းယူခဲ့တဲ့ မာစီယဲလ်က ဒီရာသီမှာ (၇)ဂိုးသာ သွင်းယူထားသလို (၁၈)ဂိုးတောင် သွင်းယူနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာလည်း ဒီနှစ်ရာသီမှာတော့ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

ရပ်ရှပ်ဖိုဒ့်ကတော့ လတ်တလောအထိဆိုရင် သွင်းဂိုးပေါင်း (၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်လို့ စိတ်ကျေနပ်လောက်စရာကောင်းတယ်လို့ ဆိုနိုင်ပေမယ့်လည်း သူနောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၄)ပွဲအတွင်းမှာ (၃)ဂိုးသာ သွင်းယူနိုင်ခဲ့တာကတော့ မေးခွန်းထုတ်စရာကောင်းလောက်အောင် ဖြစ်နေရပါတယ်။ ဒါကြောင့် နည်းပြဆိုးလ်ရှားက ဒီတိုက်စစ်မှူး(၃)ဦးလုံးရဲ့ တိုက်စစ်စွမ်းဆောင်ရည်တွေကို မနှစ်ကလိုမျိုး ပြန်လည်ပြသစေချင်နေပြီး လက်ရှိမှာ သူတို့အသင်းက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံးအသင်းတစ်သင်း ဖြစ်နေပေမယ့် အသင်းတိုက်စစ်ကတော့ ပိုပြီးထက်မြက်ဖို့ လိုအပ်နေသေးတယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ အသင်းက အခွင့်အရေးပေါင်းများစွာကို ဖန်တီးနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်က အဆုံးသတ်ပိုင်းမှာ ပိုမိုအားကောင်းဖို့လည်း လိုအပ်နေသေးတယ်လို့ ဆိုးလ်ရှားက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားက ဒီနှစ်ရာသီမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီရဲ့ လုပ်အားနှုန်းတွေအပေါ်မှာလည်း အရမ်းနှစ်သက်မိကြောင်း ချီးကျူးပြောဆိုခဲ့သလို ကာဗာနီရဲ့ခြေစွမ်းတွေက သူ့ကို အထင်ကြီးစေနိုင်ခဲ့တယ်လို့ပါ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးတိုက်စစ်မှူးကြီး ကာဗာနီဟာ ယူနိုက်တက်အတွက် သွင်းဂိုး(၇)ဂိုး ရယူထားနိုင်ခဲ့ပါတယ်။