ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)မှာ စပါးအသင်းကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေသေးကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပါးအသင်းနဲ့ မကစားရခင် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ပွဲမှာ ၁ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ဖာဂူဆန်ရဲ့ ထောက်ခံပေးမှုသာ မရှိခဲ့ရင် ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ချေ ရှိခဲ့ပါတယ်။

Photo Credit: Metro

စပါးအသင်းနဲ့ ပွဲစဉ်မှာတော့ ဆိုးလ်ရှားဟာ အရေးကြီးတဲ့ ပွဲတွေ ရောက်ရင် သုံးလေ့ ရှိတဲ့ ၃-၅-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မြှားဦးမှာ တွဲဖက် အသုံးပြုခဲ့တဲ့ ရိုနယ်ဒို ၊ ကာဗာနီနဲ့ ဖာနန်ဒက်တို့ရဲ့ အတွဲအဖက်ကလည်း အတော်လေး ကောင်းခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ စပါးအသင်းကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆက်လက် ရှိနေတော့မယ် ဆိုတဲ့ ယူဆချက်တွေ အများအပြား ထွက်ပေါ်လာပေမယ့် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားရဲ့ အခြေအနေဟာ တည်ငြိမ်ခြင်း မရှိသေးပဲ လာမယ့် အပတ်မှာ ယှဉ်ပြိုင် ကစားရမယ့် အတ္တလန်တာနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ် ၊ မန်ချက်စတာဒါဘီပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးဝါးခဲ့မယ် ဆိုရင်တော့ နည်းပြရာထူး ကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့ သိရပါတယ်။

Photo Credit: Metro

 

အထူးသဖြင့် ဆိုးလ်ရှားဟာ အတ္တလန်တာအသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို မဖြစ်မနေ အနိုင်ယူနိုင်ဖို့ လိုအပ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းပိုင်ရှင် မိသားစု ဖြစ်တဲ့ ဂလေဇာ မိသားစုဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ၌သာ မြင်တွေ့ချင်နေတာကြောင့် အတ္တလန်တာနဲ့ ပွဲစဉ်မှာသာ အရေးနိမ့်ခဲ့ရင် ဆိုးလ်ရှားရဲ့ ရာထူးကနေ ထုတ်ပယ်ခံရနိုင်ချေဟာ မြင့်တက်လာမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဆက်လက် ကိုင်တွယ်ချင်ရင် လာမယ့် အတ္တလန်တာနဲ့ပွဲ ၊ မန်ချက်စတာ စီးတီးနဲ့ပွဲတို့ကို မဖြစ်မနေ အနိုင်ရအောင် ကြိုးစားဖို့ လိုအပ်နေပြီး အကယ်၍ ရလဒ်တွေသာ ဆိုးဝါးခဲ့မယ် ဆိုရင် နိုင်ငံတကာပွဲစဉ်တွေ ကစားမယ့် ရက်သတ္တပတ်မှာပဲ နည်းပြသစ် တဦးကို အိုးထရက်ဖို့ဒ်မှာ မြင်တွေ့ရဖွယ် ရှိပါတယ်။