ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးဟာ မျက်လုံးတစ်ဖက်ထဲနဲ့ ကစားခဲ့တာဖြစ်ကြောင်း ပွဲပြီးဆုံးချိန်မှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ယနေ့မနက် ၁နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ မန်ယူအသင်းဟာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ ရင်ဆိုင် ကစားခဲ့ရပေမယ့် မာကျော ကျစ်လျစ်တဲ့ ခံစစ်ကြောင်းနဲ့အတူ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အဖွင့်လှခဲ့ပါတယ်။

Photo Credit: Metro

ပါရီမြို့က အောင်ပွဲမှာ မန်ယူအသင်းအတွက် အဓိက ကျခဲ့တာဟာ ဒီဂီယာ ဦးဆောင်ခဲ့တဲ့ နောက်တန်းနဲ့ တော်မီနေး ၊ ဖရက်ဒ်တို့ရဲ့ လုပ်အားနှုန်းတွေ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ နာမည်ကျော် တိုက်စစ် အတွဲ ဖြစ်တဲ့ နေမာနဲ့ အမ်ဘာပေတို့ အတွဲကို ရပ်တန့်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် တော်မီနေးဟာ ပထမပိုင်းမှာ နေမာကို အကောင်းဆုံး ထိန်းချုပ်ပြခဲ့သလို ဒုတိယပိုင်းမှာလည်း ဒီမာရီယာကို အကောင်းဆုံး ထိန်းချုပ်ပြခဲ့ကာ အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ပွဲစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ဆိုးလ်ရှားက တော်မီနေးကို အကောင်းဆုံး ကစားပြနိုင်သူ လို့ ခေါင်းစဉ်တပ်ကာ ချီးကျူးသွားခဲ့ပြီး ပရိသတ်တွေ မသိနိုင်တဲ့ တော်မီနေးရဲ့ အလွဲတစ်ခုကိုလည်း ပြောပြ သွားခဲ့ပါတယ်။

Photo Credit: Metro

 

အဆိုပါ အလွဲကတော့ တော်မီနေးဟာ သူရဲ့ မျက်ကပ်မှန် တစ်ဖက်ကို ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး မျက်ကပ်မှန် တစ်ဖက်မရှိပဲနဲ့ ပထမပိုင်းကို ကစားခဲ့ရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။ မန်ယူအသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ တော်မီနေးနဲ့ ဒီဂီယာတို့ဟာ အမြင်အာရုံ အားနည်းတာကြောင့် မျက်ကပ်မှန်တွေ တပ်ဆင်ကာ ကစားရတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ်မှာ တော်မီနေး တစ်ယောက် မျက်လုံး တစ်ဖက်ထဲနဲ့ ကစားခဲ့ကြောင်းကို ဆိုးလ်ရှားက “ စကော့(တော်မီနေး)ဟာ ပထမပိုင်းမှာ မျက်လုံး တစ်ဖက်ထဲနဲ့ အကောင်းဆုံး ကစားပြသွားခဲ့ပါတယ်။ ဒါက အရမ်းကို ချီးကျူးစရာ ကောင်းတဲ့ အရာတစ်ခုပါ။ ဘာ့ကြောင့်လဲဆိုတော့ သူက သူ့ရဲ့ မျက်ကပ်မှန် တစ်ဖက် ပျောက်သွားလို့ပါ” ဆိုပြီး ပြောပြ သွားခဲ့တာပါ။