မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးရှားလ်က ဒီနေ့ညမှာ ကျင်းပသွားမယ့် ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ကလပ်အသင်းရယ်လို့ ရှိမနေပဲ သူတို့အသင်းမှာရော ပြိုင်ဘက်ဗီလာရီးယဲလ်အသင်းမှာပါ ဗိုလ်စွဲနိုင်တဲ့ အခွင့်အရေးက ၅၀-၅၀ သာ ရှိနေတယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester United FC

ယူနိုက်တက်အသင်းနည်းပြ ဆိုးရှားလ်က သူ့အသင်းရဲ့ ပွဲမတိုင်ခင် ပြင်ဆင်မှုတွေနဲ့ စွမ်းဆောင်ရည်တွေအပေါ် ယုံကြည်မှုရှိနေပေမယ့်လည်း ဗိုလ်လုပွဲမှာ အသင်းတစ်သင်းတည်းကပဲ ဗိုလ်စွဲဖို့ ရေပန်းစားနေသလိုမျိုးကို မခံစားမိဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆိုးရှားလ်က “ဗိုလ်လုပွဲစဉ်ကို ရောက်ရှိလာတဲ့ ကစားသမားတိုင်းမှာက ဒီပွဲကြီးမှာ အနိုင်ရဖို့အတွက် မျှော်လင့်ချက်တွေ ထားကြမှာပဲ။ သင့်အနေနဲ့ အနိုင်ရဖို့အတွက် ပြင်ဆင်ထားရမှာပဲ။ ကျွန်တော်တို့အသင်းကလည်း ပြင်ဆင်ထားတယ်။ အနိုင်ရဖို့ကိုလည်း မျှော်လင့်ချက်ထားတယ်။ ဒီအတိုင်းပါပဲ အူနိုင်းဘက်ကလည်း ဒီလိုခံစားချက်မျိုးကို ထားနေမှာပဲလေ”

Photo Credit : Manchester United FC

“ဒီနေရာကို ရောက်ရှိလာဖို့ဆိုတာက အဆင့်ပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရတာပါ။ ဗိုလ်လုပွဲရောက်သွားတဲ့ အချိန်မျိုးမှာလည်း အသင်း(၂)သင်းကြားမှာ ဗိုလ်စွဲနိုင်တဲ့ အခွင့်အရေးက ဆတူပဲ ရှိနေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ဆုဖလားကြီးကို အရယူသွားဖို့ ယုံကြည်မှုရှိပါတယ်။ ဗိုလ်လုပွဲတစ်ပွဲမှာတော့ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ပွဲစစချင်း မိနစ်မှာပဲ သွင်းဂိုးစတင် သွင်းယူခံရတာမျိုး ကစားသမားတစ်ယောက်ယောက် ဒဏ်ရာရသွားတာမျိုး အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတာမျိုး ဘာမဆိုကို ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ အစစအရာရာ အားလုံးအတွက် အဆင့်သင့်ဖြစ်နေဖို့ လိုပါတယ်။ ဒါတွေက ဗိုလ်လုပွဲတွေမှာ ဖြစ်တတ်တဲ့အရာတွေပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းရာက ယူရိုပါလိဂ် ဗိုလ်လုပွဲကို ကျင်းပသွားမယ့် Stadion Energa Gdansk ကွင်းအတွင်း အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်နိုင်ခြင်းမရှိပဲ အရန်ခုံတန်းပေါ်မှာ ထိုင်ကြည့်နေရတာကြောင့် ဗိုလ်လုပွဲကြီးမှာ ပါဝင်နိုင်ဖို့က အခွင့်အရေး တော်တော်နည်းပါးနေပါတယ်။ မက်ဂွိုင်းရားသာ ဒီပွဲစဉ်ကို လွဲချော်ခဲ့မယ်ဆိုရင် ယူနိုက်တက်ရဲ့ခံစစ်မှာ လင်ဒီလော့နဲ့ ဗီလာရီးယဲလ် ခံစစ်မှူးဟောင်း အဲရစ်ဘိုင်လီတို့ကို တွဲဖက်မြင်တွေ့ရဖွယ် ရှိလာနိုင်ပါတယ်။