ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ မကြာသေးမီက Covid-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိထားတဲ့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာဟာ အကောင်းဆုံး အနေအထား တစ်ခုမှာ ရှိကြောင်း ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်ပြီး ပြင်သစ်လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းတဲ့အချိန်မှာ Covid-19 ကူးစက်နေကြောင်း စစ်ဆေး တွေ့ရှိခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေ ပြန်လာရကာ တစ်ဦးတည်း သီးသန့်ခွဲနေကာ ဆေးကုသမှု ခံယူနေရသူပါ။

Photo Credit: Sky Sports

ကနဦးမှာ ထွက်ရှိထားတဲ့ သတင်းတွေအရ ပေါ့ဘာဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ သိထားရပေမယ့် ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဆိုးလ်ရှားက ပေါ့ဘာရဲ့ အခြေအနေဟာ တိုးတက်လာတာကြောင့် ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ အဖွင့်ပွဲမှာ ပါဝင် ကစားပေးနိုင်ချေ ရှိတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ပေါ့ဘာဟာ မန်ယူအသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် ယခုလို အသင်းအတွက် ပြန်ကစားပေးနိုင်တော့မယ် ဆိုတဲ့ သတင်းကြောင့် မန်ယူအသင်းရဲ့ ပရိသတ်တွေက ပျော်ရွှင်နေကြပြီး လူမှုကွန်ယက်တွေပေါ်မှာ ပေါ့ဘာတစ်ယောက် အမြန်ဆုံး ပြန်လည် သက်သာလာစေဖို့ ဆုတောင်းမှုတွေ ပြုလုပ်ပေးနေကြပါတယ်။

Photo Credit: Sky Sports

ပေါ့ဘာရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက ” ပေါလ်(ပေါ့ဘာ) က လေ့ကျင့်ခန်း အစီအစဉ်တွေ အများကြီးကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ကြောင့်ပဲ လေ့ကျင့်ခန်း တချို့ကို လွဲချော်ထားပါတယ်။ ပြီးတော့ သူက လျင်လျင်မြန်မြန်လည်း အကောင်းဆုံး ကြံ့ခိုင်မှုကို ပြန်ရနေပါတယ်။ လာမယ့် သီတင်းပတ်(ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်) မှာ သူ အဆင်သင့် ဖြစ်နေဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်းတော့ မကျိန်းသေသေးပါဘူး ” လို့ ပြောကြား သွားခဲ့တာပါ။ ဒါ့အပြင် ဆိုးလ်ရှား က အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လုခ်ရှောဟာလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တာကြောင့် ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ပွဲမှာ ပါဝင် ကစားပေးနိုင်ဖွယ် ရှိတယ် လို့ အတည်ပြု ပြောကြားခဲ့ပါသေးတယ်။