မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်းနား ဆိုးလ်ရှား ကတော့ မန်ယူ အသင်း ရဲ့ ခြေစွမ်းပိုင်း နဲ့ ပတ်သက်ပြီး အပြည့်အဝ ယုံကြည်နေပြီးတော့ ပရီးမီးယားလိဂ် ဖလား ကို ရယူဖို့ အတွက် ယှဉ်ပြိုင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်ဖို့အတွက် သူ့ရဲ့ အသင်းအနေနဲ့ အနည်းငယ်သာ တိုးတက်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက် အသင်း အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဇယား ထိပ်ဆုံးက အသင်းတွေ ထက် အခုလက်ရှိအချိန်ထိ နှစ်ပွဲလျော့ ကစားထားပြီး ၆ ပွဲနိုင် ၂ ပွဲသရေ နဲ့ ၃ ပွဲရှုံးနိမ့်ထားပြီး‌တော့ ရမှတ် ၂၀ မှတ် နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။

Photo Credit: Daily Mail

မန်ယူ အသင်းရဲ့ ဒီရာသီ ခြေစွမ်းပိုင်း အရ ကြည့်မယ်ဆိုရင် အိမ်ကွင်းမှာ ရှုံးပွဲ ပိုမိုကြုံတွေ့ထားရပြီးတော့ အဝေးကွင်းမှာ ၅ ပွဲကစားထားပြီး ၅ ပွဲစလုံးကို အနိုင်ရရှိထားတာကြောင့် ယနေ့ည မှာ ကစားမယ့် ရှက်ဖီးလ် အသင်း နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် အတွက် အနိုင်ရရှိဖို့ ယုံကြည်ချက် အပြည့်ရှိနေမာတော့ အသေအချာပါပဲ။ ယူနိုက်တက် အသင်းအနေနဲ့ ရှက်ဖီးလ် အသင်း နဲ့ ပွဲစဉ်ပြီးရင် ပွဲကျပ်ကာလ တစ်ခုကို ရင်ဆိုင်သွားရဖို့ ရှိ‌နေပါတယ်။ မန်ယူ အသင်းအနေနဲ့ ၁၅ ရက်အတွင်း ၆ ပွဲကစားသွားရဖို့ ရှိနေပြီးတော့ အဆိုပါ ပွဲစဉ်တွေထဲမှာ လက်စတာ လို အသင်းမျိုးနဲ့ ရင်ဆိုင်ကစားသွားရဖို့လည်း ရှိနေကာ နှစ်ရှည်လများ စောင့်ဆိုင်းခဲ့ရတဲ့ ရော့ခ်ရှိုင်းယားဒါဘီ အဖြစ် လိဒ်အသင်း နဲ့ ယှဉ်ပြိုင်ကစားသွားရဖို့လည်း ရှိနေပါတယ်။

Photo Credit: Daily Mail

ဆိုးလ်ရှား ကတော့ ၂၀၂၀-၂၁ ပရီးမီးယားလိဂ် အတွက် ချန်ပီယံဆု ဖလားရယူဖို့ အတွက် မန်ယူ အသင်းအနေနဲ့ အခွင့်အရေး ရှိနေသေးကြောင်း ပြောဆိုခဲ့ပြီးတော့ ကစားသမားတွေ အနေနဲ့ အခု ခြေစွမ်းထက် အနည်းငယ်လေး ပိုတိုးတက်အောင် ကစားဖို့ လိုနေသေးကြောင်း ဝန်ခံပြောဆိုခဲ့ပါတယ်။ “ ဒါက ကျွန်တော်တို့ အတွက် ပွဲစဉ်တွေ အများကြီး ကစားရတာပါပဲ။ အကယ်၍ သာ ကစားသမားတွေ အနေနဲ့ ငါတို့ အခွင့်အရေးတွေ မရနိုင်လောက်ဘူးလို့ တွေးမိရင်တော့ ကျွန်တော် စိတ်ပျက်မိမာပါပဲ။ ဘာလို့လဲဆိုရင် အခုချိန်မှာ ပြိုင်ပွဲ အတွင်း ဘာမဆို ဖြစ်သွားနိုင်လို့ပါ။ မတူညီတဲ့ ရလဒ်အမျိုးမျိုး အတွက် အကြောင်းပြချက်ကလည်း အမျိုးမျိုး ရှိပါတယ်။ အသင်း အနေနဲ့ ပိုကောင်းလာပြီလို့ ကျွန်တော် ခံစားမိပါတယ်။ ဒါပေမယ့် နောက်ခြေလှမ်းတစ်လှမ်း လှမ်းဖို့ အတွက်တော့ အနည်းငယ်လေး တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ မြင်မိပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။