အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီဂန်းနား ဆိုးလ်ရှားက သူ့ရဲ့ အသင်း ပင်နယ်တီ ရရှိတာတွေ နဲ့ ပတ်သက်ပြီး လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ်ရဲ့ ပြောဆိုချက်တွေ အပေါ် ပြန်လည် ချေပ ဆွေးနွေးခဲ့ပါတယ်။ နည်းပြ ကလော့ပ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပင်နယ်တီ ပေးခဲ့တာတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးရတာဟာ ကွင်းလယ်ဒိုင်လူကြီးတွေ ရဲ့ စိတ်အပေါ်ကို လွှမ်းမိုးဖို့ရာ အတွက် ကြိုးစားနေတာ ဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

Photo Credit: Metro

ကလော့ပ်အနေနဲ့ တနင်္လာနေ့က ကစားခဲ့တဲ့ ဆောက်တမ်တန် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ လီဗာပူး အနေနဲ့ ပင်နယ်တီ ရရှိခဲ့သင့်တဲ့ကြောင်း နဲ့ ယူနိုက်တက် ဆိုရင် ပင်နယ်တီ ဘယ်နှစ်ကြိမ် ရရှိထားပြီ ဖြစ်ကြောင်း နှိုင်းယှဉ်ပြောဆိုခဲ့တာကြောင့် ဆိုးလ်ရှားက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ် ရဲ့ လက်အောက်မှာ လီဗာပူး အသင်းအနေနဲ့ ပြိုင်ပွဲစုံ ပင်နယ်တီ ၄၆ ကြိမ်ရရှိထားပြီး ထိုအထဲကမှ အကြိမ် ၃၀ ကတော့ ပရီးမီးယားလိဂ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက် အသင်းက နည်းပြ သုံးဦးရဲ့ လက်အောက်မှာ ပင်နယ်တီ ၆၇ ကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာတော့ လီဗာပူးအသင်းက ပင်နယ်တီ ရရှိမှု အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပြီး စုစုပေါင်း အကြိမ် ၁၃၀ အထိ ရရှိထားပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ စုစုပေါင်း အကြိမ် ၁၂၀သာ ရရှိထားပါတယ်။

Photo Credit: Metro

ဆိုးလ်ရှား ကတော့ ယူနိုက်တက် အသင်းရဲ့ ပင်နယ်တီရရှိတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုနေတာတွေကို ငြင်းဆန်ခဲ့ပါတယ်။ “ ဒါက သေချာသလောက်ရှိတဲ့ အမှန်တရားပဲလေ။ ဒါက ကျွန်တော့်ရဲ့ အဖြေပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အသင်းက သူတို့ အသင်းထက် ပင်နယ်တီ ပိုရထားတယ်ဆိုတာ အမှန်တရားပဲလေ။ ဒါပေမယ့် သူတို့က ကျွန်တော်တို့ ရထားသလောက် ပင်နယ်တီ အရေအတွက် သူတို့လည်း ရသင့်တယ်လို့တော့ ထင်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူတို့ ပင်နယ်တီ ဘယ်နှကြိမ်ရပြီးပြီလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့မှာ ပင်နယ်တီရရှိထားတာ ဘယ်နှကြိမ်ရှိလဲဆိုတာ ကျွန်တော် ရေမထားပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဂိုးဧရိယာထဲမှာ ပြစ်ဒဏ်ကျုးလွန်ခံရတာနဲ့ ပတ်သက်ပြီး သူတို့က စိုးရိမ်ပြီးတော့ အချိန်ဖြုန်းနေမယ် ဆိုရင် ကျွန်တော်ကတော့ အဲ့ဒီအပေါ်မှာ အချိန်မဖြုန်းတော့ပါဘူး။ သူတို့ဘာလို့ ဒီလိုပြောလဲဆိုတာကို ကျွန်တော် တစ်ခြားနည်းပြတွေ ကိုယ်စားပြောလို့ မရပါဘူး။ အဲ့ဒီလို ပြောတာက အလုပ်ဖြစ်တယ် ထင်တယ်၊ ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့နှစ် ဆီမီးဖိုင်နယ်တုန်းကလည်း လမ်းပတ် က အခုလိုပဲ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့ ပင်နယ်တီ ရခဲ့သင့်ပေမယ့် ကျွန်တော်တို့ မရခဲ့ဘူး။ ဒါကြောင့်မို့ ဒါက ကွင်းလယ်ဒိုင်တွေရဲ့ စိတ်အပေါ်ကို လွှမ်းမိုးတဲ့ နည်းလမ်းတစ်မျိုး ဖြစ်နိုင်ပါတယ် ” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။