ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကတော့ သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ယူရိုပါလိဂ် ဖလားကို ရရှိအောင် ပစ်မှတ်ထား ကြိုးစားသွားမယ့် အကြောင်း ရှက်ဖီးလ်ယူနိုက်တက် အသင်းနဲ့ ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပေမယ့် အုပ်စုတွင်းမှာ သုံးပွဲရှုံး သုံးပွဲနိုင် ရလဒ်သာ ရခဲ့တာကြောင့် အဆင့်၃နေရာသာ ရရှိခဲ့ပြီး ယူရိုပါလိဂ် ပြိုင်ပွဲဆီကို ဆင်းလာခဲ့ရတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ်ရဲ့ ၃၂သင်း အဆင့်မှာတော့ စပိန် လာလီဂါ ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိထားတဲ့ ရီးရဲလ်ဆိုစီဒက် အသင်းနဲ့ ရင်ဆိုင်နေရပြီး ၁၆သင်းအဆင့်ကို တက်လှမ်း နိုင်မယ့် အသင်းအဖြစ် ထင်ကြေး ပေးခံထား ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ် ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်အထိ တက်လှမ်း နိုင်ခဲ့ပေမယ့် စပိန်အသင်း တစ်သင်း ဖြစ်တဲ့ ဆီဗီးလားအသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့် အသင်းတစ်သင်း အဖြစ် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားကလည်း အသင်းနဲ့အတူ ဆုဖလား တစ်လုံး ကိုင်မြှောက်ချင်နေပြီး သူတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲကို အလေးထား ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲကို အလေးထားသွားမယ့် အကြောင်းကို ဆိုးလ်ရှားက “ကျွန်တော်တို့ဟာ လိဂ်ပွဲစဉ်တိုင်းကို အလေးထား ယှဉ်ပြိုင် နေပါတယ်။ ကာရာဘောင်းဖလားလို ပြိုင်ပွဲမျိုးမှာလည်း ကျွန်တော်တို့ ဗိုလ်စွဲချင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က ဖလားပြိုင်ပွဲတွေကို အာရုံ မစိုက်ထားပါဘူး။ ခင်ဗျား ပြောသလိုပဲ အခုချိန်က အတော်လေး ကျပ်တည်းတဲ့ ပွဲစဉ်ဇယား ရှိနေတဲ့ အချိန်တစ်ခုပါ။ ကျွန်တော်တို့က လိဂ်ပြိုင်ပွဲမှာ ပွဲကြီးပွဲကောင်းတွေကို ရင်ဆိုင်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ကြိမ်မှာ တစ်ပွဲအကြောင်းကိုပဲ စဉ်းစားမှာပါ။ ကျွန်တော်တို့ ယူရိုပါလိဂ်ဖလားကို အရယူချင်တယ်။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ရှုံးနိမ့်ခဲ့တယ်။ ဒါဟာ စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့က အရင်ထက် ပိုတဲ့ အနေအထား တစ်ခုအထိ ရောက်သွားချင်ပြီး ဆုဖလား ရရှိနိုင်မယ်လို့ မျှော်လင့် ထားပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။