ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဒါဘီအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ခြေစမ်းပွဲအပြီးမှာ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ ပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်ကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားတဲ့ အသင်း ဖြစ်ပေမယ့် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားပြီးနောက် ပရီးမီးယားလိဂ် ဖလားကို ထပ်မံ ရယူနိုင်ခြင်း မရှိတော့ပဲ အမြင့်ဆုံးအနေနဲ့ အဆင့်၂နေရာကိုသာ ရရှိခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူဖို့ အစွမ်းကုန် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လက်ရှိ နွေဈေးကွက် အတွင်းမှာလည်း ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင် အထိ သုံးစွဲသွားဖို့ ရှိပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားသလို ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူ ဗာရန်း ၊ ရန်းနက်စ် ကွင်းလယ်လူ ကာမာဗင်ဂါတို့ကို ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေတာကြောင့် ယခုနှစ် နွေရာသီ အပြီးမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူအင်အားဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိနိုင်လောက်တဲ့ အထိ လုံလောက်နေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ အဓိကထား ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့တာပါ။ ဆိုးလ်ရှားက – “ ဒီရာသီအစကို ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီး ကြိုးစားဖို့ လိုပါမယ်။ ပြီးခဲ့တဲ့ရာသီကတော့ ကျွန်တော်တို့ဟာ လိုချင်တဲ့ ရာသီအစကို မရခဲ့ပါဘူး။ ကျွန်တော့်အထင် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်လာပါပြီ။ ကျွန်တော်တို့မှာ ချန်ပီယံဆုအတွက် အနိမ့်ဆုံး တသင်းနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ရာသီအစ ၆ပွဲ ၊ ၇ပွဲလောက်ကို အနိုင်ရဖို့ အရမ်းကို အရေးကြီးပါတယ်။ ရာသီအစပွဲတွေကို အနိုင်ရရုံနဲ့ ချန်ပီယံ မဖြစ်နိုင်တာ အမှန်ပါ။ ဒါပေမယ့် ချန်ပီယံဖြစ်ဖို့ ဆိုရင် ရာသီအစပွဲတွေကို နိုင်ရပါမယ်” လို့ ဖွင့်ဟသွားပါတယ်။