ဒီနေ့ည (၉)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားရမယ့် လက်စတာစီးတီးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၈) ရာသီအပိတ်ပွဲစဉ်ဟာ သာမာန်လိဂ်ပွဲတစ်ပွဲထက်ပိုတဲ့ အဓိပ္ပာယ်တွေရှိနေပြီး ဒီပွဲရဲ့ရလဒ်ဟာ လာမယ့်ရာသီမှာ ဒီအသင်း(၂)သင်းထဲက တစ်သင်းကို ဥရောပချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲကြီးမှာ ဝင်ရောက်ကစားနိုင်ဖို့အတွက် အဖြေရှာပေးနိုင်မယ့် ဗိုုလ်လုပွဲတစ်ပွဲလို စိတ်လှုပ်ရှားစရာတွေ ပေးစွမ်းလာနိုင်မယ့် ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်လာတော့မှာပါ။

Photo Credit : Sky Sports

ဒီပွဲစဉ်က အသင်းနှစ်သင်းလုံးအတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်နေပြီး လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာစ်ကတော့ သူတို့အသင်းထက် ယူနိုက်တက်အသင်းဆီမှာသာ ဖိအားဒဏ်တွေ ပိုများနေလိမ့်မယ်လို့ ပြောဆိုလာခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဒီပွဲမှသာ အမှတ်မထင် ရလဒ်တိမ်းစောင်းသွားခဲ့မယ်ဆိုရင်လည်း ဒါက အသင်းရဲ့ခရီးလမ်းတစ်ခု အဆုံးသတ်မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ ဆိုးလ်ရှားက “ကျွန်တော်တို့ ဒီနေရာ ဘယ်နေရာမှာ အဆုံးသတ်ရမလဲဆိုတာကို မသိရှိရသးပါဘူး။ ဒါပေမယ့် လက်စတာနဲ့ပွဲစဉ်အတွင်းမှာသာ ရလဒ်ကောင်းရယူနိုင်ခဲ့မယ်ဆိုရင် ဒီရာသီက ကျွန်တော်တို့အတွက် ဆိုးရွှားတဲ့ရာသီ မဖြစ်ခဲ့ဘူးလို့ ပရိသတ်တွေက သတ်မှတ်ကြမှာပါ”

Photo Credit : Goal

“ဒါပေမယ့် ရလဒ်က ဘာပဲဖြစ်ဖြစ် ဒါဟာ ကျွန်တော်တို့အသင်းအတွက် အဆုံးသတ်တော့ ဖြစ်သွားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒီရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ လုပ်ဆောင်နိုင်ခဲ့တယ်။ သင်အနေနဲ့ ယူနိုက်တက်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဆိုရင်တော့ ဖိအားဒဏ်တွေ ဘယ်လောက်ပဲရှိနေရှိနေ အဲ့ဒီဖိအားတွေကို အကောင်းဆုံးအသုံးချပြီး လက်စတာကို ရင်ဆိုင်သွားရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုအသစ်တော့ မဟုတ်ဘူး။ အခုကတော့ ကျွန်တော်တို့အနေနဲ့ ဒီနှစ်ဘောလုံးရာသီကို အမြင့်ဆုံးနေရာနဲ့ အဆုံးသတ်နိုင်မယ့် အခွင့်အရေးတစ်ခုကို ပိုင်ဆိုင်ထားရပါပြီ။ ဒါကို အသုံးချနိုင်ဖို့ လိုပါတယ်။ ဒါက ဒီရာသီအတွက် အရေးကြီးဆုံး ပွဲစဉ်တော့ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အသင်းရဲ့ ရှေ့လာမယ့် ပွဲတစ်ပွဲပါပဲ။ သင်အနေနဲ့လည်း ဘောလုံးလောကထဲက ဘယ်သူ့ကိုမဆို မေးနိုင်ပါတယ်။ ရှေ့လာမယ့်ပွဲက အမြဲတမ်း အရေးအကြီးဆုံးပါ။ ဒီပွဲရဲ့ရလဒ်က ကျွန်တော်တို့ ဒီရာသီအတွက် အဖြေရှာပေးမယ့်ပွဲလည်း မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းက ဒီရာသီမှာ ကြံခိုင်ရေးအပိုင်းတွေ စိတ်ပိုင်းဆိုင်ရာအပိုင်းတွေမှာ ပြီးခဲ့တဲ့ရာသီတွေကထက် ပိုမိုကောင်းမွန်လာခဲ့တယ်လို့ပဲ ထင်မြင်မိပါတယ်” လို့ ပြောဆိုလာခဲ့ပါတယ်။