ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသင်းအတွက် အကျိုးပြုနိုင်မယ့် ကစားသမားဆိုရင် ငွေကြေး အလုံးအရင်းနဲ့ သုံးစွဲသွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူအသင်းရဲ့ တရားဝင် နည်းပြတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရပြီး နောက်မှာ ရလဒ်ဆိုးတချို့နဲ့ ရင်ဆိုင် ခဲ့ရပေမယ့် လက်ရှိမှာတော့ ၁၁ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် မန်ယူအသင်းကို ကိုင်တွယ်နိုင်ခဲ့တာကြောင့် မန်ယူအသင်းအတွက် သင့်တော်တဲ့ နည်းပြ တစ်ဦး ဖြစ်ကြောင်း အသင်း ဘုတ်အဖွဲ့ဝင်တွေ ရဲ့ အားပေးထောက်ခံမှုကို ရရှိထားပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာလည်း စိတ်ကြိုက် ကစားသမားခေါ်ယူခွင့် ရရှိထားသူပါ။

 

Photo Credit: Sky Sports

လက်ရှိမှာတော့ မန်ယူအသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမား နှစ်ဦးရှိပြီး အဆိုပါ နှစ်ဦးကတော့ ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်နဲ့ ဒေါ့မွန်အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မန်ယူအသင်းရဲ့ လူစာရင်းမှာ ကစားသမား လိုအပ်နေတဲ့ နေရာဟာ ညာတောင်ပံ သာ ဖြစ်တာကြောင့် ဆိုးလ်ရှားဟာ ဆန်ချိုကို အဓိကထား ခေါ်ယူဖွယ် ရှိတယ်လို့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားခဲ့ကြပါတယ်။ ဆိုးလ်ရှားကတော့ သူ့အနေနဲ့ လက်ရှိ လူစာရင်းကို သဘောကျပေမယ့် ရာသီကုန်မှာ အသင်းရဲ့ လိုအပ်နေတဲ့ နေရာကို အဓိကထား လူဖြည့်သွားမယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ယူအသင်းရဲ့ အပြောင်းအရွှေ့လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက ” လက်ရှိအချိန်မှာတော့ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က လိဂ်ကို အနိုင်ရဖို့အတွက် အကောင်းဆုံး အဆင့်အတန်း တစ်ခုမှာ ရှိနေပါတယ်။ ကျွန်တော်တို့ကလည်း တဖြည်းဖြည်းနဲ့ တိုးတက်လာနေပြီး လက်ရှိမှာ ဆိုရင် ၁၁ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။ အခုချိန် မှာ ပေါလ်ပေါ့ဘာနဲ့ မားကပ်ရက်ဖို့ဒ်တို့ကလဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာကြပါပြီ။ ဒီတော့ ကျွန်တော်တို့ဟာ သူတို့အသင်းတွေနဲ့ အလှမ်းမဝေးတော့ဘူးလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ကတော့ လက်ရှိ လူစာရင်းနဲ့ ပတ်သတ်ပြီး ပျော်ရွှင်မိပါတယ်။ တကယ်လို့ အသင်းကိုသာ တိုးတက်စေမယ့် ကစားသမား ရှိရင်တော့ ကျွန်တော်တို့ဟာ ကျိန်းသေပေါက် ငွေ ကို သုံးစွဲသွားမှာပါ။ ဒါပေမယ့် လက်ရှိလူစာရင်း ကလည်း အတော်လေး ကောင်းမွန်ပြီး မှန်ကန် တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ် ” လို့ ပြောပြသွားခဲ့တာပါ။