ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာဒါဘီမှာတော့ မန်ယူအသင်းဟာ မန်စီးတီး အသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိကာ အမှတ်ပေးဇယားရဲ့ အဆင့်ငါးနေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး အဆင့်လေးနေရာက ချယ်လ်ဆီးအသင်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အိုလေဂန်နာဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ စုစည်းမှုအပြည့်နဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို ဖိအားပေးကစားခဲ့ပြီး တိုက်စစ်မှူး မာရှယ်ရဲ့ မိနစ်၃၀သွင်းဂိုး ၊ အီဒါဆန်ရဲ့အမှားကနေ နောက်ဆုံးမိနစ်မှာ သွင်းခဲ့တဲ့ တော်မီနေးရဲ့သွင်းဂိုးတွေနဲ့ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တာပါ။

Photo Credit: Metro.com

အဆိုပါနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းကို နှစ်ကျော့စလုံးအနိုင်ရရှိခဲ့တာဖြစ်ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကတော့ ဒီရာသီ မန်ယူအသင်းနဲ့ လေးကြိမ်တွေ့ဆုံရာမှာ သုံးကြိမ်အထိ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခုကို ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားရဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်ပြုရမှာဖြစ်ပြီး ဘောလုံးကျွမ်းကျင်သူတွေကတော့ မန်စီးတီးနဲ့ပွဲမတိုင်မီမှာ Mind Game လုပ်ခဲ့တဲ့ ဆိုးလ်ရှားရဲ့ လုပ်ဆောင်ချက်တစ်ခုကို အထူးပြုကာ ချီးကျူးသွားခဲ့ကြပါတယ်။ အဲ့ဒီ Mind Gameက ဆိုးလ်ရှားဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား ၊ ဘစ်စကာ ၊ ဂျိမ်းစ် တို့ကို ဒဏ်ရာရနေသယောင် သတင်းလွှင့်ခဲ့ပြီး တစ်ဖက်အသင်းရဲ့ ပွဲကြို ပြင်ဆင်မှုတွေကို မှားယွင်းစေခဲ့ပါတယ်။

Photo Credit: Metro.com

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်အပြီးမှာရော မန်စီးတီးအသင်းနဲ့ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပါ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား ၊ ဘစ်စကာ ၊ ဒန်နီရယ်ဂျိမ်းစ်တို့ဟာ ဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲကို ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ထပ်ခါ ထပ်ခါ ပြောကြားခဲ့ပြီး တကယ် ကစားတဲ့အခါမှာတော့ သူတို့သုံးဦးစလုံးဟာ မိနစ် ၉၀ ပြည့်ကစားသွားခဲ့ကြကာ မန်ယူအသင်းရဲ့ နိုင်ပွဲ အတွက် အရေးအပါဆုံး ကစားသမားတေ​ွ ဖြစ်ခဲ့ကြပါတယ်။ ဆိုးလ်ရှားရဲ့ အဆိုပါလှည့်ကွက်ကို ဘောလုံးကျွမ်းကျင်သူတွေက ကောင်းမွန်တဲ့ လှည့်ကွက်တစ်ခုဖြစ်တယ်လို့ သုံးသပ်နေကြပြီး ဒီနည်းစနစ်ဟာ ပြိုင်ဘက်အသင်းကို စိတ်အာရုံထွေပြားမှုတေ​ွ ဖြစ်စေခဲ့တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ကြပါတယ်။