ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ အိုလေဂန်နာ ဆိုးလ်ရှားကတော့ သူ့ရဲ့ လက်အောက်မှာ နည်းပြအဖွဲ့ဝင် တဦး အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို လက်ရှိမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တဲ့ ကားရစ်ဟာ တနေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာမယ့်သူ ဖြစ်ကြောင်း ဟောကိန်းထုတ်သွားခဲ့ပါတယ်။

အသက် ၄၁နှစ် အရွယ် အင်္ဂလန်လူမျိုး နည်းပြတဦး ဖြစ်သူ မိုက်ကယ် ကားရစ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို ကားရစ်ဟာ ကစားသမားဘဝ ကနေ အနားယူပြီးနောက် မန်ချက်စတာ ယူနိုက်တက်မှာပဲ နည်းပြအဖွဲ့ဝင် အဖြစ် ကာလရှည် လုပ်ကိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ်ပါ တာဝန်ယူခဲ့ဖူးသူပါ။

Photo Credit: Mirror

ကားရစ်က ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ရဲ့ နည်းပြချုပ် တာဝန်ကို ရယူခဲ့ပြီး သူ စတင် တာဝန်ယူခဲ့ချိန်မှာ မစ်ဒယ်ဘရော့ဟာ တန်းဆင်းဇုန်ထဲ ရောက်နေခဲ့ပေမယ့် ကားရစ်က အချိန်တိုအတွင်းမှာ အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲ ပါဝင်လာအောင် ပြုပြင် ပြောင်းလဲပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရမယ့် Play-off ပြိုင်ပွဲကို ဝင်ရောက် ကစားခွင့် ရအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မိုက်ကယ် ကားရစ်ဟာ တနေ့မှာ ထိပ်တန်းနည်းပြ တဦး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြသလို ကားရစ်နဲ့ အလုပ်တွဲလုပ်ဖူးတဲ့ ဆိုးလ်ရှားကလည်း ကားရစ်ဟာ ဖာဂူဆန်နဲ့ မော်ရင်ဟိုတို့လို ဩဇာအာဏာ ကြီးမားတဲ့ နည်းပြတဦး ဖြစ်ပြီး ကာရစ်သာ လုပ်ချင်တယ် ဆိုရင် ကားရစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြရာထူးကို ရယူနိုင်တဲ့ အထိ အရည်အသွေး ပြည့်ဝတဲ့ နည်းပြတဦး ဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။

Photo Credit: Team Talk

ဆိုးလ်ရှားက – “ကျွန်တော်ကတော့ တကယ်လို့သာ ကားရစ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြရာထူးကို ရယူချင်တယ် ဆိုရင် တနေ့မှာ သူဟာ ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်လာမယ့်သူလို့ ရဲရဲကြီး ပြောချင်ပါတယ်။ ကားရစ်က စည်းကမ်းနဲ့ အရည်အသွေးတွေကို အတော်လေး တန်ဖိုးထားတဲ့ လူတဦးပါ။ သူ့ရဲ့ နည်းဗျူဟာအမြင်ကလည်း ပြိုင်စံရှားပါပဲ။ ကားရစ်က ဆာအဲလက်စ်နဲ့ မော်ရင်ဟိုတို့လို ဂန္တဝင်နည်းပြတွေဆီ ကနေ လေ့လာသင်ယူမှုတွေ အများကြီး လုပ်ခဲ့သလို ထိပ်တန်း ကစားသမားတွေနဲ့လည်း တွဲဖက် ကစားခဲ့ဖူးသူပါ။ ပြီးတော့ သူက အနိုင်ရချင်တဲ့ လူတယောက်ပါ။ သူက သူ့ရဲ့ ခံစားချက်တွေကို ထိန်းချုပ်တဲ့ နေရာမှာ အတော်လေး တော်သလို သူ ဘာလုပ်ချင်လဲ ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကြောင့် သူက ကစားသမားတွေနဲ့ ဘယ်တော့မှ စကားများမယ့် နည်းပြတယောက် မဟုတ်ပါဘူး” ဆိုပြီး ကားရစ်ကို ချီးမွမ်းခန်း ဖွင့်သွားခဲ့တာပဲ ဖြစ်ပါတယ်။