ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကမှ အသင်းထံ ပြန်လည် ရောက်ရှိလာပေမယ့် အသင်းနဲ့ ချက်ချင်းဆိုသလို အသားကျခဲ့ကာ သွင်းဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြထားတဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်း ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်အသင်းထံ ၃နှစ် စာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ၃ပွဲ ပါဝင် ကစားပြီးချိန်မှာ သွင်းဂိုး ၄ဂိုး အထိ သွင်းယူထားနိုင်သူပါ။

Photo Credit: Euro Sports

ရိုနယ်ဒိုဟာ ဘောလုံးသမား တဦးရဲ့ နေဝင်ချိန်လို့ ပြောရမယ့် အသက်အရွယ်ကို ရောက်မှ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ် အဖြစ် သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပြောင်းရွှေ့ လာတာကြောင့် သူ့အနေနဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ရလိမ့်မယ် ဆိုပြီး သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ရိုနယ်ဒို ကတော့ သူ့အပေါ် အကဲဖြတ်မှုတွေ မှားယွင်းကြောင်းကို သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုနယ်ဒိုဟာ အချိန်တိုအတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အစားထိုးဖို့ ခက်တဲ့ အဓိက ကစားသမား တဦး ဖြစ်လာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ရိုနယ်ဒို တယောက် အသက် ၄၀ ပြည့်တဲ့ အထိ ဘောလုံးကစားနေရင်လည်း သူ့အနေနဲ့ အံ့အားသင့်မိမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားလာပါတယ်။

Photo Credit: Euro Sports

ဆိုးလ်ရှားက – “တကယ်လို့ ရိုနယ်ဒိုသာ အသက် ၄၀ အထိ ဘောလုံးဆက်ကစားနေရင် ကျွန်တော်က အံ့ဩမိမှာ မဟုတ်ပါဘူး။ တကယ် ပြောတာပါ။ သူ့ကိုယ်သူ ဂရုစိုက်တဲ့ ပုံစံက အရမ်းကို ကောင်းပါတယ်။ အဲ့ဒါက အခုချိန်အထိ သူ့အနေနဲ့ ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်တဲ့ အဓိကအချက် တခုပါ။ သူက သူ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင် တစ်အောင်စကိုမှ အလေအလွင့် မဖြစ်အောင် ဂရုစိုက်ခဲ့လို့ အခုလို ထိပ်တန်း ကစားသမား တဦး ဖြစ်လာခဲ့တာပါ။ သူက ချီးကျူးစကားတွေနဲ့ ခြွင်းချက်မရှိ ထိုက်တန်တဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းက အံ့အားသင့်စရာ ကောင်းနေသလို သူ့ရဲ့ ဆုဖလားတွေကို ဆာလောင်တဲ့စိတ်ကလည်း အတော်ကို လက်ဖျားခါစရာ ကောင်းပါတယ်။ သူက အခုချိန် အထိ ဆုဖလားတွေ ၊ စိန်ခေါ်မှုတွေကို ဆာလောင်နေဆဲပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။