ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြချုပ် ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ လက်ရှိ နွေရာသီမှာ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်အား တောင်းဆိုထားတယ် လို့ သိထားရပါတယ်။ မန်ယူအသင်းဟာ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ကာလရှည် စိတ်ဝင်စားနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိ နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားနိုင်ဖို့ ရေပန်းစားနေသလို မကြာသေးမီက သိရှိထားတဲ့ သတင်းတွေအရ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အတွက် ဒေါ့မွန်အသင်းနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆန်ချိုဟာ အနာဂတ်မှာ အင်္ဂလန်အသင်းရဲ့ အားထားရတဲ့ ကစားသမား ဖြစ်လာမယ်လို့ ထင်ကြေးပေးခံထားရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၀ ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ မန်ယူအသင်းဟာ သူတို့အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ညာတောင်ပံ တိုက်စစ်အတွက် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဒေါ့မွန်အသင်းဘက် ကတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းအထိ အလိုရှိနေပါတယ်။ မန်ယူအသင်းဘက် ကတော့ ဒေါ့မွန်အသင်း တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းကို ပေးချေလိုခြင်း မရှိပဲ အသင်းနှစ်သင်းကြားမှာ ညှိနှိုင်းကာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့သာ ခေါ်ယူချင်နေတာပါ။

Photo Credit: Express

ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ ဆန်ချိုကို ခေါ်ယူဖို့ အတွက် ဆန်ချိုနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးပြီ ဖြစ်ကာ ဆန်ချိုကလည်း မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပြီး အပြောင်းအရွှေ့ကို ခပ်မြန်မြန် ဖြစ်ပေါ်လာစေချင်နေကြောင်း သိရပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ယုံကြည်လို့ ရတဲ့ Frederik A. N. Filtvedt ရဲ့ ဖော်ပြချက် အရတော့ ဆန်ချိုရဲ့ အပြောင်းအရွှေ့ အတွက် ဆိုးလ်ရှားဟာ အသင်းရဲ့ အပြောင်းအရွှေ့တွေကို စီမံ လုပ်ဆောင်နေတဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်နဲ့ တိုက်ရိုက် စကားပြောဆို ထားပြီး ဆန်ချိုကို မရရအောင် ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် လာမယ့် ရက်ပိုင်း အတွင်းမှာတော့ ဆန်ချို ၊ မန်ယူနဲ့ ဒေါ့မွန်အသင်းတို့ ကြားမှာ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရ ၊ မရဆိုတာ သေသေချာချာ သိရဖို့ ရှိနေပါတယ်။