မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ လက်ရှိ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကနေ ဂျာမန် ထိပ်သီးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဆီ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့တယ်လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းတွေက ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၇နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ယူရို ၁၄၅သန်းနဲ့ စပိန်အခြေစိုက် အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့သွားခဲ့သူပါ။

Photo Credit: Marca

ဘာစီလိုနာအသင်းထံ ရောက်ရှိအပြီးမှာတော့ ကော်တင်ဟိုဟာ ခြေစွမ်းပြ ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး အဝေးကန်ချက်တွေကနေ သွင်းဂိုးတချို့ ရယူနိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကစားဟန်နဲ့ ကိုက်ညီခြင်း မရှိခဲ့ပါဘူး။ အဲ့ဒီ နောက်ပိုင်းမှာတော့ ကော်တင်ဟိုဟာ ဒဏ်ရာ တချို့ ရရှိခဲ့ပြီး ဘာစီလိုနာအသင်းမှာ ပုံမှန် ပွဲကစားခွင့် ရရှိဖို့အတွက် ရုန်းကန်လာရပါတယ်။ လက်ရှိ ဘောလုံးရာသီ စတင်ချိန်မှာတော့ ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းထံကို တစ်နှစ် အငှားစာချုပ်နဲ့ ပြောင်းခဲ့ပြီး ဘိုင်ယန် မြူးနစ်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပေမယ့် ဘိုင်ယန်အသင်းဟာ သူ့ကို အပြီးသတ် ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် လက်ရှိရာသီ အကုန်မှာပဲ အသင်းသစ် ရှာဖွေရတော့မှာပါ​။

Photo Credit: Marca

စပိန်သတင်းစာ တချို့ကတော့ ကော်တင်ဟိုရဲ့ အေးဂျင့်ဖြစ်သူဟာ ကော်တင်ဟိုကို ခေါ်ယူဖို့ အတွက် မန်ယူအသင်းဆီကို ဦးစွာ ကမ်းလှမ်း ခဲ့ပေမယ့် မန်ယူအသင်း နည်းပြဖြစ်သူ ဆိုးလ်ရှား ဟာ ကော်တင်ဟိုကို ခေါ်နိုင်မယ့် အခွင့်အရေးကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ထွက်ပေါ် လာတဲ့ သတင်းတွေအရတော့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အသင်းအတွက် ကစားသမားတွေကို ခေါ်ယူရာမှာ အာဆင်နယ်အသင်းကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ခြေစွမ်းပြ မကစား နိုင်ခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား အလက်ဆစ် ဆန်းချက်ကို နမူနာယူကာ စျေးကြီးတဲ့ ကစားသမားတွေအစား အသင်းအတွက် ပေးဆပ်လိုစိတ်ရှိတဲ့ ကစားသမားတွေကိုသာ ခေါ်ယူလိုတာကြောင့် ကော်တင်ဟိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့တာလို့ သိရှိရပါတယ်။