ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းအသင်းကို အမှတ်မထင် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းဆိုးရွားခဲ့သလို ယန်းဘွိုင်းအသင်း အတွက် အနိုင်ဂိုး လက်ဆောင်ပေးခဲ့သူ လင်ဂတ်ကို အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ ကစားခဲ့တဲ့ ယန်းဘွိုင်းအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် ၁၃မိနစ်မှာပဲ တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးတို့ကို ခွင့်ပြုခဲ့ရတာကြောင့် ရမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရတာပါ။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပွဲစထဲက ယန်းဘွိုင်းအသင်းဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၃၅မိနစ်မှာတော့ ယူနိုက်တက် ညာနောက်ခံလူ ဘစ္စကာဟာ တဖက်အသင်းရဲ့ ခံစစ်မှူး ကာမာရာအပေါ် အဝင်ကြမ်းခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ထိခဲ့ပြီး အဲ့ဒီနောက်မှာတော့ ပွဲရဲ့ အခြေအနေဟာ ပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။

တယောက်လျော့သွားပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၅-၃-၁ ကစားကွက်နဲ့ အနိုင်ဂိုးကို ထိန်းကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲကစားချိန် ၆၆မိနစ်မှာတော့ တောင်ပံ ကစားသမား ဂါမာလူးက ယန်းဘွိုင်းအသင်း အတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ် ဖြစ်တဲ့ ၉၅မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ လင်ဂတ်ရဲ့ ဘောလုံးပေးပို့မှု အမှားကနေ တဆင့် လူစားဝင် တိုက်စစ်မှူး ဆီဘက်ချူက အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ပွဲပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ယန်းဘွိုင်းအသင်းနဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို တဖက်အသင်းရဲ့ အနိုင်ဂိုး အတွက် တာဝန်အရှိဆုံး ကစားသမား ဖြစ်သူ လင်ဂတ်ကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဆိုးလ်ရှားက – “ဂျက်စီ(လင်ဂတ်)က စိတ်ချရအောင်လို့ ဘောလုံးကို နောက်ပြန်ပေးခဲ့ပေမယ့် သူ့ရဲ့ ပေးပို့မှုက လွဲချော်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့က ဂိုးပေးခဲ့ရတာပေါ့။ ဘောလုံးလောကမှာ ဒါတွေက ဖြစ်တတ်ပါတယ်။ တကယ်လို့ ဂျက်စီသာ နောက်ထပ်တကြိမ် အခွင့်အရေး ရမယ် ဆိုရင် သူက ခန္ဓာကိုယ်ကို ပြန်လှည့်ပြီး တခြားတဖက်ကို ကန်ထုတ်လိုက်မယ်လို့ ထင်ပါတယ်” လို့ ကာကွယ် ပြောကြားပေးခဲ့တာပါ။တိ