နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ တကယ်ကို လိုအပ်နေပြီလို့ အသင်းရဲ့ကစားသမားဟောင်းတချို့နဲ့ အသင်းပရိသတ်တွေရဲ့ တိုက်တွန်းမှုတွေအပြင် မီဒီယာတွေကနေလည်း ဟိုနည်းပြနဲ့ သတင်းထွက်နေပြီ ဒီနည်းပြနဲ့ ဆွေးနွေးနေပြီဆိုတဲ့ သတင်းတွေကို ဖော်ပြနေပေမယ့်လည်း နည်းပြအိုလေဂန်နာဆိုးလ်ရှားကတော့ သူရဲ့အနာဂတ်ကိုရော သူ့ကိုယ်သူကိုပါ ယုံကြည်နေဆဲဖြစ်ပြီး အသင်းရဲ့ လတ်တလော အခြေအနေကိုလည်း နည်းပြအပြောင်းအလဲ လုပ်စရာမလိုပဲ သူကိုယ်တိုင် တဆစ်ချိုး ပြောင်းလဲပစ်နိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

Photo Credit : Newsotime

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာစ် အေဂျက်စ်အသင်းနည်းပြ တန်ဟတ်တို့နဲ့ သတင်းတွေ ထွက်ပေါ်လို့နေပေမယ့်လည်း ယူနိုက်တက် ပရိသတ်တွေရဲ့ အချစ်တော်ကြီး ဆိုးလ်ရှားကတော့ သူရဲ့အနာဂတ်ကို ယုံကြည်လျက်ရှိနေပြီး ကောလဟာလတွေ ဘယ်လိုပဲထွက်လာထွက်လာ အသင်းနဲ့သာ ဆက်လက် ပူးပေါင်းနေရမယ်လို့ တထစ်ချကို ယုံကြည်နေပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ်အတွင်းက နော်ဝေနိုင်ငံကိုပြန်ပြီး အနားယူနေတဲ့ ဆိုးလ်ရှားက အခုဆိုရင် မန်ချက်စတာကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး လာမယ့်ပွဲစဉ်တွေမှာပါ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူနိုင်ဖို့အတွက် ပြင်ဆင်လို့နေပါတယ်။

Photo Credit : The Sun

ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းဘက်ကနေ နည်းပြဆိုးလ်ရှားအတွက် သူအမှန်တကယ်ကို အလိုရှိနေတဲ့ ကစားသမား(၂)ဦးဖြစ်တဲ့ ဂျေဒန်ဆန်ချိုနဲ့ ရာဖယ်ဗာရန်းတို့အပြင် ယူနိုက်တက်မှာ ဆိုးလ်ရှားနဲ့ တွဲဖက်ကစားဖူးတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုတို့လို ထိပ်တန်းကစားမျိုးကိုပါ ခေါ်ယူထားပေးပေမယ့် ဆိုးလ်ရှားဘက်ကတော့ အသင်းကို အကောင်းဆုံး အခြေအနေတစ်ခုရောက်အောင် မစွမ်းဆောင်ထားနိုင်ပဲ ပရီးမီးယားလိဂ်မှာ (၁၁)ပွဲကစားလို့အပြီး ရှုံးပွဲက (၄)ပွဲအထိကို ရှိထားခဲ့ရသလို ချန်ပီယံလိဂ်ဘက်မှာလည်း ကိုယ့်ထက် အဆင့်တစ်ခုလောက် နိမ့်နေတဲ့ ကလပ်အသင်းများနဲ့ တစ်အုပ်စုတည်း ကျရောက်နေချိန်မှာတောင် နောက်တစ်ဆင့်တတ်ဖို့ကို ရုန်းကန်နေရပါတယ်။ ဒါတွေအပြင် မန်စီးတီး လီဗာပူးလ်တို့လို အသင်းရဲ့ အခါးသီးဆုံးပြိုင်ဘက်တွေကိုပါ သွင်းဂိုးမဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာတွေကြောင့် အသင်းပရိသတ်တွေ ကစားသမားဟောင်းတွေဘက်ကနေ ဆိုးလ်ရှားရဲ့ ကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်လာခဲ့သလို အသင်းသားတွေကလည်း ဆိုးလ်ရှားရဲ့ နည်းဗျူဟာပိုင်းနဲ့ ကစားသမား ရွေးချယ်မှုအပေါ်မှာ စိတ်ပျက်လာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဆိုးလ်ရှားကတော့ ယူနိုက်တက်ကို သူပြုပြင်ပြောင်းလဲလို့သာ ဆက်လက်ယုံကြည်နေသလို ယူနိုက်တက်အသင်း တာဝန်ရှိသူတွေဘက်ကလည်း ဆိုးလ်ရှားအပေါ်မှာ ဆက်လက်ယုံကြည်နေဆဲ ဖြစ်နေရပါတယ်။