ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ဆောက်သမ်တန်အသင်းနဲ့ တဖက် တဂိုးစီ သရေကျခဲ့တဲ့ပွဲ အပြီးမှာ ဆောက်သမ်တန်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့ ဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သွားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ စိန့်မေရီကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဆောက်သမ်တန်အသင်းက ဦးဆောင်ဂိုး အရင် ရရှိခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး အဒမ်က ပွဲကစားချိန် ၃၀မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ကာ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ကတော့ အဆိုပါသွင်းဂိုးဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အရေးပါတဲ့ ချေပဂိုးကိုတော့ ပွဲကစားချိန် ၅၅မိနစ်မှာ ကွင်းလယ်လူ ပေါ့ဘာရဲ့ ဖန်တီးပေးပို့မှု ကနေ တဆင့် တိုက်စစ်မှူး ဂရင်းဝုဒ်က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ဦးဆောင်ဂိုးကို မရရှိမီ ဆောက်သမ်တန်အသင်းရဲ့ နောက်ခံလူ စတီဖင်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ် လို့ ယူဆမှုတွေ ရှိနေပြီး စတီဖင်ရဲ့ အဝင်ကြမ်းမှုကို လျစ်လျူရှုကာ ဆောက်သမ်တန်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဘောလုံးရေးရာ သုံးသပ်သူ တချို့က ဝေဖန်နေပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားက အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးအဖွဲ့ရဲ့ သုံးသပ်နိုင်စွမ်းအပေါ် မေးခွန်းထုတ်မှုတွေ ပြုလုပ်ခဲ့ပြီး ဆောက်သမ်တန် ကစားသမားတွေဟာ ဥပဒေပြင်ပ လူချမှုတွေကို မကြာခဏ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့တာနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက – “ကျွန်တော်က ဘယ်လိုအရာပဲဖြစ်ဖြစ် ညင်ညင်သာသာ ဖြစ်တာကိုပဲ သဘောကျပါတယ်။ ဘောလုံးကစားနည်း ဆိုတာဟာ ယောက်ျားသားတွေ အတွက် ကစားနည်းတခုပါ။ ဒါပေမယ့် ဒီဖြစ်ရပ် (စတီဖင်က ဖာနန်ဒက်အပေါ် ပြစ်ဒဏ် ကျူးလွန်မှု) ကတော့ ပြစ်ဒဏ်ဘောပါ။ လုံးဝကို ရှင်းလင်းတဲ့ ပြစ်ဒဏ်ဘော တခုပဲ ဖြစ်ပါတယ်။ သူက ဘရူနိုကို ဦးတည်ပြီး ပြစ်ဒဏ် ကျူးလွန်ခဲ့တာပါ။ အဲ့ဒါအပြင် ဆောက်သမ်တန်အသင်း ခပ်ကြမ်းကြမ်း လူချမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်” လို့ ဝေဖန်လိုက်တာပဲ ဖြစ်ပါတယ်။